ပန်းတောင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေသိမ်းပြီး လူကိုထောင်ချ

🟥 ငွေနဲ့ပြန်ရွေးရ သူတွေလည်းရှိနေ

ဇူလိုင် ၁၁၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးမှုများပြားနေပြီး ဆိုင်ကယ်သိမ်းတာ၊ လူကိုထောင်ချတာအပြင် အချို့လူတွေကိုတော့ ငွေနဲ့ပြန်ရွေးနေရတယ်လို့ ဒေသခံတွေက ဒို့ပြည် ကိုပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ ပန်းတောင်းမြို့ပေါ်နဲ့ လမ်းဆုံ အဝေးပြေးလမ်းတွေမှာ ဖမ်းဆီးမှုများနေပြီး ဖမ်းဆီးခံရပါက လူကိုထောင်(၃) လချကာ ဆိုင်ကယ်သိမ်းတယ်လို့ ဆိုကြပါတယ်။

“ကျနော်တို့ပန်းတောင်းမြို့ထဲ နေရာအတော်များများမှာ ဖမ်းပါတယ်။ ဆိုင်ကယ်ဖမ်းဖို့ထွက်လာရင်လည်း အတင်းရပ်ခိုင်းပြီး စစ်ဆေးဖမ်းပါတယ်။ တော်တော်များများကို အဖမ်းခံရပြီးအထဲမှာ” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ဆိုင်ကယ်ဖမ်းဆီးရမိမှုအဖြစ် အထက်ဌာနကို ဆိုင်ကယ်(၃) စီးနေ့စဉ် အဖမ်းပြရပေမယ့် ဖမ်းဆီးမှုကတော့ အများအပြားဖြစ်ပြီး ကျန်တာကို ငွေတောင်းတာတွေလုပ်တယ်လို့ ဆိုပါတယ်။

“ဖမ်းတာကတော့ အစီးရည် မနည်းတော့ဘူး ကျန်တာတွေက ငွေတောင်းပြီး လုပ်စားနေကြတာ။ တွေ့တဲ့နေရာ ဖမ်းနေတာပါဗျ” လို့ ပန်းတောင်းမြို့နယ် ကျေးရွာတရွာမှ အမျိုးသားတဦးကလည်း ပြောပါတယ်။

ဇွန်လအတွင်းက (—)ရွာက လူငယ်တဦးကို ဆိုင်ကယ်ဖမ်းဆီးရာမှာ ဆိုင်ကယ်ထားထွက်ပြေးခဲ့ရပြီး နောက်ရက်မှာ ငွေ(၅) သိန်းနဲ့ရွေးယူရကာ ပန်းတောင်းရဲစခန်းမှူးက(၃) သိန်းယူခဲ့တယ်လို့ သိရပါတယ်။

အလားတူ (—-) လူငယ်တဦးကိုလည်း ဆိုင်ကယ်နဲ့အတူဖမ်းဆီးခဲ့ပြီး (၃) ရက်အကြာ မှာ မိဘတွေက သိန်း(၂၀) နဲ့ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အခုဆိုရင် တောင်သူတွေ လယ်ထဲကိုတောင် မသွားရဲကြတော့ဘူး ဆိုင်ကယ်ဖမ်းတာကိုတော့ ရဲနဲ့ ပြည်သူ့စစ်က အကောင်တွေ လိုက်ဖမ်းနေကြတာ ဥပဒေမဲ့ကို လုပ်နေကြတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးမှုတွေကိုတော့ ရဲတပ်ဖွဲ့အပြင် ပန်းတောင်းမြို့ပေါ်က ပြည်သူ့စစ် သန်းဦး နဲ့ ပျူစောထီးဖြူကျဲ တို့က မတရားအနိုင်ကျင့် ဖမ်းဆီးနေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ဆေးဖမ်းဆီးတတ်တဲ့နေရာတွေကတော့ ကျောက်ဖူးဂိတ်၊ ဥသျှစ်ပင်လမ်းဆုံ၊
ဥသျှစ်ပင်တံတားနားဂိတ်၊ အမှတ် ၉၂ တပ် ညောင်ညိုရိပ်နေရာ၊ နတ်မောကသပြေပင်ရေယဥ်စမ်းလမ်းပေါက်၊ နတ်မောက် လမ်းဆုံ၊ ဒေါင်းမြတ်နားလမ်းဆုံ
ပေရွာကြီးရေနံလမ်းပေါက်၊ ကံမလမ်းခွဲ၊ နဝဒေးတံတား တို့ဖြစ်ပြီး အဓိကနေရာတွေဖြစ်တယ်လို့သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these