

စစ်ကောင်စီက ပြုလုပ်ဖို့ပြင်ဆင်နေတဲ့ အထွေထွေရွေးကောက်ပွဲ(၂၀၂၅) နဲ့ ပတ်သက်ပြီး အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီက ဇူလိုင်လ(၁၀) ရက်နေ့မှာ အရှို(ချင်း) တိုင်းရင်းသားတွေနဲ့ ပြည်သူလူထုတရပ်လုံးကို ပူးပေါင်းပါဝင်ခြင်း မပြုကြဘဲ ဆန့်ကျင်ကန့်ကွက်ကြဖို့ မေတ္တာရပ်ခံချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေကို အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ ရဲ့ အထွေထွေအတွင်းရေးမှူး Salai Black Hole ကို ဒို့ပြည်က ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး- အရင်ဆုံး စစ်ကောင်စီရွေးကောက်ပွဲအပေါ် ဘာများပြောချင်ပါလဲခင်ဗျာ။
ဖြေ- ပထမအချက်အနေနဲ့စစ်ကောင်စီနဲ့ ရွေးကောက်ပွဲဆိုတာက လုံးလုံးမှ မအပ်စပ်တဲ့အရာပါ။ တတိုင်းပြည်လုံးအနေအထားနဲ့ ပြည်သူ့ဆန္ဒနဲ့ မဲပေးထားခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီးကို လက်နက်အားကိုးပြီး အာဏာသိမ်း ဖျတ်သိမ်းပြီးမှ နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေကကော နိုင်ငံတကာကပါ အသိအမှတ်ပြုမှာမဟုတ်ဘူး ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။
မေး- ရွေးကောက်ပွဲကတကယ်လုပ်ဖြစ်နိုင်လား၊ သူတို့က(စစ်ကောင်စီနဲ့ မှတ်ပုံတင်ပါတီများ) ရွေးကောက်ပွဲအတွက် အားသွန်ခွန်စိုက်ပြင်ဆင် နေကြတယ်။
ဖြေ- ရွေးကောက်ပွဲက တကယ်ကော လုပ်ဖြစ်မလားဆိုရင် လုပ်ဖို့တော့ ကြိုးစားရုံးကန်နေကြတာ တွေ့ရပါတယ်။ ဘယ်လိုနည်းနဲ့ လုပ်ကြမလဲဆိုတာတွေ အပါအဝင် အကယ်၍ လုပ်လို့မဖြစ်တော့ရင် ဘယ်လိုထွက်ပေါက်ရှာမလဲ ဆိုတာတွေအထိ တဆင့်ခြင်းကြံဖန်နေတာတွေ တွေ့ရပါတယ်။ ခုနဆရာ ပြောသလို နေပြည်တော်မှာပြုလုပ်တဲ့ အမည်ခံငြိမ်းချမ်းရေးဖိုရမ်တွေ အပါအဝင်ပေါ့ဗျာ။
မေး- တဖက်တော်လှန်ရေးအင်အားစုကလည်း ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ ပြောတယ်။ ဘယ်လိုနည်းနဲ့ ဆန့်ကျင်ကြမလဲ။
ဖြေ- ဘယ်လိုဆန့်ကျင်ကြမလဲဆိုတဲ့နည်းလမ်းကတော့ ရှင်းပါတယ်။
ရွေးကောက်ပွဲဆိုတာက ပြည်သူကမဲပေးရမှာဆိုတော့ ပြည်သူမပါရင် ဘာမှလုပ်လို့မရဘူးပေါ့ ဆရာရယ်။ မဲစာရင်းပြုစုတာကမှနေပြီး မဲပေးတဲ့အထိကို ဆန့်ကျင်ရမှာပါပဲ။ အကြမ်းဖက်စကစ ကတော့ သူ့နည်းလမ်းအတိုင်း သူလုပ်ပါလိမ့်မယ်၊ ခြိမ်းခြောက်မယ်၊ ဖမ်းဆီးမယ်၊ တခုပြီးတခု အကြပ်ကိုင်မယ်ပေါ့။ သူလုပ်တတ်တာသူလုပ်ပါလိမ့်မယ်။ အခုကပြည်သူ့အာဏာကို လက်နက်အားကိုးပြီး၊ အာဏာသိမ်းပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေကိုမပြောဘဲ အကြမ်းဖက်စကစ က တရားမဝင်ပြုလုပ်မယ့် ရွေးကောက်ပွဲကဘဲ လက်ရှိအကျပ်အတည်းကြီးကနေ လွတ်မြောက်မယ့်သယောင်ယောင် အကြီးစားဂျင်းထည့်နေတာတွေ အကုန်ပေါ့ဗျာ ပြည်သူကိုချပြတာ နိုင်ငံတကာကိုချပြတာတွေ လုပ်ကြရမှာပဲ။
မေး- ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆရာတို့ ကလည်း ထုတ်ပြန်ချက်ထုတ်ထားတာ တွေ့ရတယ်။ အဓိကဘာကိုပြောချင်လဲ။ (မှတ်ပုံတင်ပါတီတွေအပါပေါ့)
ဖြေ- စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့က စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမဝင်သလို လက်ရှိပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ အကြပ်အတည်းကို ဖြေရှင်းရာမှာ ဒီနည်းလမ်းက အဖြေမဟုတ်ဘူးဆိုတာ အလေးအနက်ပြောချင်ပါတယ်။ အဲ့တာကို သိသိကြီးနဲ့ပါဝင်ကြတာကတော့ ရွေးကောက်ပွဲမှာ ပါဝင်တယ်လို့ ပြောလို့မရတဲ့အတွက် အကြမ်းဖက်နဲ့ပူးပေါင်းတယ်လို့ပဲ သတ်မှတ်ရမှာပါပဲ။
မေး- စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲလုပ်နိုင်မယ်လို့ မထင်ဘူး။ မြေပြန့်ကိုအဓိကထားလုပ်ဖို့ လှုပ်ရှားနေတာတွေ့ရပါတယ်။ အဲဒေသက အရှို(ချင်း) တိုင်းရင်းသားတွေနဲ့ ပြည်သူလူထုကို ဘာများပြောချင်ပါလဲခင်ဗျာ။
ဖြေ- ဟုတ်ပါတယ်ဆရာ။ တိုင်းရင်းသားလက်နက်တွေရှိတဲ့ ဒေသတွေနဲ့ PDF စိုးမိုးနယ်မြေတွေမှာတော့ လုပ်လိုရမှာမဟုတ်ပါဘူး။ ဆိုတော့က ခုနဆရာပြောသွားတဲ့ မြို့ကြီးတွေနဲ့ဒေသတွေကို စကစ က ဦးတည်နေတာတွေ့ရပါတယ်။ ဒါကြောင့် အဖက်ဖက်မှကျရှုံးလာနေတဲ့ အကြမ်းဖက်စစ်တပ်က နိုင်ငံရေးထွက်ပေါက်တစ်ခုအနေဖြင့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဖန်တီးခြင်းသာဖြစ်ပြီး ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ကာ ပြည်သူ့အချုပ်အခြာ အာဏာကို မတရားရယူရန် ကြိုးစားအားထုတ်ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် အရှို(ချင်း)တိုင်းရင်းသားများအပါအဝင် ပြည်သူလူထုတရပ်လုံးက ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ကြဖို့နဲ့ ကန့်ကွက်ဆန့်ကျင်ကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။
မေး- အခုမှတ်ပုံတင်ခွင့်ကျလာတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ သူတို့နဲ့ပတ်သက်ပြီး အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ က တခုခုပြောဖို့ရှိအုံးမလား။(၂၀၂၅၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ပြု)
ဖြေ- အထက်မှာ ပါတီသဘောထားနဲ့ပတ်သက်လို့ အားလုံးသက်ရောက်မှာပါပဲ။
မေး- ဖြည့်စွက်ပြောလိုတာများရှိအုံးမလားခင်ဗျာ။
ဖြေ- ဒါလောက်ပါပဲ။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay