အုတ်ဖိုမှာ ဆေးဆရာတဦးကို လက်နက်ကိုင်တွေက ဓါးနဲ့သတ်သွားတယ်လို့ဆို

ဇူလိုင် ၁၃၊ ၂၀၂၅။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဖလံပင်အုပ်စု၊ ဆင်ကူးရွာမှာနေထိုင်တဲ့ ဆေးထိုးဆရာဦးဝင်းရွှေကို လက်နက်ကိုင်ထားတဲ့ လူတစုက လာရောက်ကာ သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ က လူ ၁၁ ယောက်ဟာ ရောက်လာပြီး ဦးဝင်းရွှေ(အသက် ၅၀ ကျော်) ကို ဓါးနဲ့သတ်သွားတာဖြစ်ပြီး သူအမျိုးသမီးကတော့ ထွက်ပြေးတဲ့အတွက် လွတ်သွားတယ်လို့ ဆိုပါတယ်။

(ဓါတ်ပုံ-အသတ်ခံရသူဦးဝင်းရွှေရဲ့ ကျန်ရစ်သူ ဇနီး)

“အခုဖြစ်စဥ်ကို ဘာအတွက်သတ်ရတာလဲဆိုတာ သိချင်တာပါ။ အသတ်ခံရတဲ့သူက အရက်၊ ကွမ်း၊ ဆေးလိပ်ဘာမှမသုံးပါဘူး။ အေးအေးဆေးဆေးသမားမို့ သတင်းအမှန်ကိုသိချင်တာပါ။ ရွာသားတွေကတော့ ကြောက်နေကြတာပေါ့။ တရွာလုံးကဘယ်သူတွေလုပ်တယ်ဆိုတာ သိပေမဲ့ မပြောရဲကြဘူး။” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။

အသတ်ခံရသူဟာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်မဟုတ်ဘဲ လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတော့ ကြံခိုင်ရေးပါတီအဖွဲ့ဝင် ဖြစ်ခဲ့ဘူးတယ်လို့ သိရပါတယ်။

“သေနတ်နဲ့ပစ်တာမျိုးမဟုတ်ဘဲ ဓါးနဲ့ လည်ပင်းကို–တာပါ။ ကြောက်ကြလို့ ဓါတ်ပုံတောင်မရိုက်ရဲကြဘူး။ ဆင်ကူးရွာကိုက စစ်တပ်ကမလာရဲကြဘူး။ ရွာနဲ့အနီးဆုံးရွာကိုတောင်မလာရဲပါဘူး။ ဒီလိုဖြစ်တာက သူတို့အတွက်လည်း မကောင်းပါဘူး။ ဖြစ်စဉ်အမှန်ကိုသိချင်ပါတယ်” လို့ ဒေသခံက ဆိုပါတယ်။

အသတ်ခံရသူနေအိမ်ဟာ ရွာဘုန်းကြီးကျောင်းနဲ့ ၅ အိမ်ကျော်ခန့်သာကွာဝေးပြီး သေဆုံးသူမှာ မိန်းမသာရှိကာ သားသမီးမရှိဘူးလို့ သိရပါတယ်။ သေဆုံးသူကိုတော့ သင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။

(ဓါတ်ပုံ-ဦးဝင်းရွှေနေအိမ်အနီးမှ ဘုန်းတော်ကြီးကျောင်း)

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းတော်လှန်ရေး အင်အားစုဘက်ကတော့ ငြင်းဆိုထားကာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပြီး တစုံတရာထုတ်ပြန်လာတာမျိုးလည်း မရှိသေးပါဘူး။

ဆင်ကူးကျေးရွာဟာ အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ရွာကြီးဖြစ်ပြီး အုပ်ချုပ်ရေးမှူးတော့ မရှိဘူးလို့ သိရပါတယ်။

ဒို့ပြည် သတင်းဌာနအနေနဲ့လည်း ဖြစ်စဉ်ကို စုံစမ်းမေးမြန်းနေဆဲဖြစ်ပြီး ထပ်မံသိရပါက သတင်းကို ဆက်လက်ဖော်ပြပါမယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

#ဒို့ပြည်
#အုတ်ဖို #သာယာဝတီခရိုင် #ပဲခူးတိုင်း

 

You may also like these