

ဒို့ပြည်၊ ဇူလိုင် ၁၄၊ ၂၀၂၅။
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ထဲမှာ ယခုနှစ် ဩဂုတ်လကနေစတင်ပြီး ငှက်ဖျားဖြစ်ပွားကူးစက်သူ ၃၀၀ ခန့်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ကတဆင့် သိရပါတယ်။
အဲဒီလိုကူးစက်မှုတွေဟာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားပြီး တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်သိမ်းပိုက်လိုက်ပြီးနောက် စစ်ရှောင်တွေဟာ ရခိုင်ရိုးမကို ဖြတ်သန်းပြီး ပြည်မဘက်ကို မှောင်ခိုလမ်းကနေ တိမ်းရှောင်မှုကနေ စတင်တယ်လို့ ဆိုပါတယ်။
“လက်ရှိဖြစ်နေတာကတော့ ၃၀၀ လောက်ရှိတယ် အာရက္ခတပ်တော် ဆေးဘက်ဆိုင်ရာဌာန စစ်မေတွေက သူနာပြုတွေက အဓိကကုပေးနေတာ ရှိတယ်။” လို့ တောင်ကုတ်မြို့ခံအမျိုးသားတဦးက ဒို့ပြည်ကို ပြောပါတယ်။
အဓိကဖြစ်ပွားနေတဲ့ နေရာတွေကတော့ မြို့ပေါ် (၄) ရပ်ကွက် နဲ့ ကိုင်းရှည်နားမှာ ဖြစ်ပွားတာလို့ သိရပါတယ်။
“စစ်ပွဲအလွန်ကာလတွေမှာ ကျနော်တို့ ရခိုင်ကနေပြီး ပြည်မထဲကို စစ်ပွဲရှောင်တွေရှိတယ် ဒီလူတွေက တောလမ်းကနေ လမ်းလျှောက်ပြီး သွားကြတယ်၊ ချောင်းမြောင်းကူးတာတွေရှိတယ်။ တောထဲမှာ ငှက်ဖျားဖြစ်တာတွေရှိတယ်။ ဩဂုတ်လထဲမှာ ရန်ကုန်ရောက်ပြီး မှ ငှက်ဖျားဖြစ်ဆေးရုံတက်ရသူလည်းရှိတယ် ရခိုင်ကို တောလမ်းကနေပြန်လာပြီး ငှက်ဖျားဖြစ်လာတဲ့သူလည်းရှိတယ်။ ဒီနေရာကနေ ကူးစက်ပျံ့နှံ့တာလို့ပဲ ပြောရမှာပဲ။” လို့ မြို့ခံက ပြောပါတယ်။
အဲဒီလိုမှောင်ခိုလမ်းကနေ ပြည်မကို ထွက်သွားကြသူတွေဟာ ပွဲစားတွေကို အဆမတန်ငွေပေးကြရပြီး တောလမ်းကနေ ၈ ရက်မှ ၁၀ ရက်ကြာ လမ်းလျှောက်သွားရကာ ငှက်ဖျားကြောင့် ရိုးမထဲသေဆုံးကျန်ခဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အချို့ပွဲစားတွေက စစ်ကောင်စီနဲ့ ပူးပေါင်းမှုတွေကြောင့် စစ်ဆေးရေးဂိတ်တွေမှာ အဖမ်းဆီးခံရတာ၊ စစ်မှုထမ်းပို့ဆောင်ခံရပြီး အချို့ကတော့ ငွေ သိန်း ၅၀ ခန့်ပေးမှ ပြန်လည်လွတ်မြောက်လာကြရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ အာရက္ခတပ်တော်-AA က တောင်ကုတ်တမြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay