ပေါက်ခေါင်းကေရွာတွေကို မိုးမလင်းခင် စစ်ကောင်စီပစ်ခတ်ဝင်ရောက် လက်နက်ကြီးထိလို့ ၁ဦး သေ၊ ၁ ဦးဒဏ်ရာရ

မိုးရေထဲဒေသခံအများအပြား စစ်ရှောင်ရ

ဇူလိုင် ၁၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခါင်းမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက် ၃ နာရီခန့်က ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယနေ့နံနက် ၃ နာရီမှာ မြေနီကျော ကို စတင်ဝင်ရောက်တာဖြစ်ပြီး ၅ နာရီခွဲမှာတော့ ကြို့ပင်ဝိုင်းရွာ၊ ၆ နာရီခွဲမှာတော့ လွှစင်ကုန်း တို့ကို ဆက်တိုက်ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

“လက်နက်ကြီးစက်သေနတ် အဆက်မပြတ်ထုနေတယ်။ မီးစရှို့နေပါပြီ မီးခိုးလုံးကြီးတွေတက်လာပြီး ဘယ်နေရာကိုမီးရှို့နေလဲမသိရသေးပါဘူး။” လို့ ဒေသခံအမျိုးသမီးတဦးက နံနက် ၈ နာရီခန့်မှာ ဒို့ပြည် ကိုပြောပါတယ်။

တချို့နေရာတွေမှာတော့ ဖုန်းလိုင်းများပြတ်တောက်နေတဲ့အတွက် စစ်ရှောင်နေရသူတွေအရည်အတွက်နဲ့ အခြေအနေကို မသိရသေးဘဲ ကြို့ပင်ဝိုင်းအုပ်စုက အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

“မိုင်းထိလူနာရှိတယ်။ ရွာပေါ်တလုံးကျတယ်။ ကျောင်းသားတွေကျောင်းပိတ်လိုက်ရတယ်။ စစ်ကောင်စီအင်အားကတော့ သေချာမသိသေးဘူး များမယ်” လို့ ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း မိုးများနေတဲ့အတွက် မိုးရေထဲ စစ်ရှောင်တွေ အခက်အခဲဖြစ်ကာ ပြေးလွှားနေရတယ်ိလို့သိရပါတယ်။

ဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ဒို့ပြည် သတင်းဌာနက ဆက်လက် ဖော်ပြပေးပါ့မယ်။

 

You may also like these