

(ခရီးသွားဆောင်းပါး)
ဇူလိုင် ၁၉၊ ၂၀၂၅။
တိမ်တွေကိုမော့ကြည့်ရင်း ခရီးသွားဖူးပါသလား။ ဟင်းလင်းပွင့်ကားတစီးပေါ်မှာ သက်တောင့်သက်သာ လှဲလျောင်းလိုက်ရင်းပေါ့။ ကိုယ့်နောက်ကိုတိမ်တွေကလိုက်နေသလို၊ တိမ်တွေနောက်ကိုကိုယ်က လိုက်သွားသလိုမျိုးပေါ့။ သာယာတဲ့နေ့တနေ့အဖြစ် တိမ်တွေကတော့လှနေရလိမ့်မယ်။ အဲလိုနေ့မျိုးမှာ ဟင်းလင်းပွင့်နေတဲ့ ကားတစ်စီးပေါ်ကနေ ကျတော်ခရီးထွက်ခဲ့ဖူးပါသည်။
နိုင်ငံခြားသားခရီးသွားလုပ်ငန်းတခု၏ ရှေ့ပြေးအဖြစ်ကူညီပေးရန် မိတ်ဆွေတယောက်နှင့်အညာသို့တရက် လမ်းကြုံလိုက်ပါဖြစ်ခဲ့သည်။ ညနက်နက်မှာမီးထိုးလို့ထွက်ခဲ့ကြခြင်းရယ်ပါ။ လမ်းပန်းဆက်သွယ်ရေးများ အနည်းငယ် အဆင်ပြေချောမွေ့လာသောအခါ ခရီးတခုနှင့်တခုကြား မြို့တမြို့နှင့်တမြို့ကြား နေ့ချင်းဆိုသလိုရောက်ရှိနေကြတော့သည်။
ခရီးသွားများသည်လည်း ယခင်လို လှည်းသာသာဘတ်စ်အိုများကြီးကိုစီးကာ မသွားကြတော့ ကိုယ့်စိတ်နှင့်ကိုယ်လိုရာရောက်တတ်သည့် ဆိုင်ကယ်လေးများ၊ ဟိုက်ဂျက်လိုလေးဘီးကားအသေးလေးများဖြင့် ဝန်ကျဉ်းကျဉ်းအကုန်ကျနည်းနည်းဖြင့် သွားလာနေကြသည့် ခေတ်ကိုရောက်ခဲ့သည်။ သို့ပေသည့်လည်းအများစုအတွက်တော့ ခက်ခဲနေဆဲအခြေအနေမှာပဲရှိနေဆဲလည်း ဖြစ်ပါသည်။
ကျတော်တို့ကတော့ဝန်ကျဉ်းကျဉ်းဖြင့် လိုရာခရီးကိုနေ့ချင်းရောက်မည့် လမ်းကိုရွေးချယ်နိုင်ခဲ့ကြပါသည်။ အညာခရီးစဉ်ကို မကွေးတိုင်းအောင်လံမြိုကလေးကနေစခဲ့ကြသည်။ ညနက်နက်ဖြစ်၍ အိပ်၍တစ်ခါမှေးကာတလှည့်ဖြင့်သာ လိုက်ခဲ့ပြီး ပတ်ဝန်းကျင်မြင်ကွင်းများကတော့ ဘာဆိုဘာမှသဲသဲကွဲကွဲ မမြင်ရပါချေ။
ရောက်ဖူးနေကြခရီးဖြစ်သည့်အတွက်လည်း စိတ်ကအလိုလိုနေရင်း ဘယ်နေရာမှာဘာရှိသည် ဘယ်နေရာမှာဆိုရင်တော့ ဘယ်မြင်ကွင်းလေးနှင့်မြို့ကိုနီးလာပြီး ထိုသို့ဖြင့် မှန်းဆကြည့်ရင်း ပုံဖော်မြင်နိုင် ပါသေးသည်။
တောင်တွင်းကြီးမြို့အရောက် နံနက်မလင်းခင်းကားပေါ်မှာပင် တရေးအိပ်ကြကာ နံနက်စောစောမှာတော့ ကာကာလက်ဘက်ရည်ဖြင့် ဗိုက်ဖြည့်ကြရင်း ခရီးကိုဆွေးနွေးဖြစ်ကြသည်။ ဆောင်းအကြွင်းအကျန်နေ့ရက်များဖို့ လမ်းပေါ်တွင် မှုန်ဝါးဝါးဖြင့်၊ အမှိုက်ပုံမီးရှိုထားသည့် မီးခိုးများကပတ်ဝန်းကျင်လေထုထဲ ပျံနှံလို့နေသည်။ အညောင်းပြေအညာအပြေလမ်းလမ်းခဏလျှောက်ရင်း တမာပင်များကိုသတိထားမိသည်။ အညာသို့စတင် ချဉ်းနင်းဝင်ရောက်ခဲ့ပြီပဲ၊ မြင်းလှည်းအချို့ကိုမြင်တွေ့ရသေးသည်။ ထိုမှခရီးဆက်ခဲ့ကြသည်။
လမ်းမတလျှောက် အညာသူပါးကွက်ကြား အဖွဲ့လိုက်အဖွဲ့လိုက်ဖြင့် လယ်တောစပ်ဆီဆင်းသွားနေကြသည်ကို မြင်ခဲ့ရပြီး တခါတခါမှာတော့ နွားတကောင်ကိုကြိုးဖြင့်တုပ်ရင်း မောင်းနေသည့်သုံးဘီးဆိုင်ကယ် နီနီများကို ဖြတ်မောင်းခဲ့ရသေးသည်။
လယ်တောဆီမှာမြူဆိုင်းတုန်းပင်၊ ကျေးရွာကလေးများက အညာမြင်ကွင်း ထုံးစံအတိုင်း ခြံဝန်းကျယ်ကျယ် မန်ကျည်းကျည်းပင်ကြီးများဖြင့် နေရောင်ခြည်ကဖြာကျလျှက်၊ ရွာထိပ်အထွက်တွင်တော့ ဘုန်းတော်ကြီးကျောင်းများ သရက်ပင်များဝိုင်းလျှက်၊ ရှားရှားပါးပါးအုန်းပင် များလည်းတွေ့ရသေးသည်။ တစ်ချို့သက်ကြီးရွယ်အိုများကနေပူစာလှုံရင်း နှီးဖျာ၊ အဝုတ်စုတ်ဖာထေး နေကြသည်။ ရွာရဲ့အဝေးသဲချောင်းစပ်မှာတော့ တိတ်ဆိတ်ခြောက်ကပ်နေသည့်သုသာန်အိုများကိုလည်း ဖြတ်သန်းခဲ့ရသေးသည်။
တရိပ်မောင်းနှင်နေသည့်ကားကလေး၏နောက်ခန်း ကြမ်းပြင်ပေါ်အညောင်းပြေလှဲချလိုက်ရင်း ကောင်းကင်ပြင်ကြီးကိုမော့ကြည့်ရသည့်မှာ အရသာတစ်ခုပါလေ၊ တိမ်အရုပ်များကိုရေတွက်ကာ ပုံဖော်ရင်းတစ်ယောက်တည်းကျိတ်လို့ကြည်နူးဖြစ်သည်။ တိမ်တွေကကျွန်တော့်နောက်ကိုပြေးလိုက်နေသလို ကျွန်တော်က သူတို့နောက်ကိုပြေးလိုက်နေသလို၊ တစ်ချို့နေရာမှာတော့တိမ်စုပ်တွေကိုမမြင်ရဘူး၊ အပြာရောက်လိုက်ကာကြီးတစ်ခုလို ကောင်းကင်ရယ်သာ အဲနောက်ကိုဖောက်ထွက်သွားရင် ဘာတွေတွေ့ရမှာလည်း ကလေးဘဝကလို နန်ပြည်ကြီးများရှိလာလေမလား၊ ကျောင်းသားဘဝကလို ကမ္ဘာလုံးကြီးအပြင်ကိုထွက်သွားမှာလည်း ဒီလိုဆိုနတ်ပြည်ကြီးကဘယ်မှာရှိမှာပါလည်း။
အခုတော့ ဒါတွေကိုမတွေးတော့ လှတယ်ဆိုတာပဲဒါပါပဲ လူ့ဘဝကတိုတောင်းတယ်မလား ပျော်ရွှင်စွာဖြတ်သန်းမယ်၊ ခရီးတွေသွားရင်းမတူညီမှုတွေကိုရှာဖွေလေ့လာမယ် ဒီလိုပဲတွေးမိတော့တယ်။
တွေးနေရင်းနဲ့ ကားလေးကမြို့သစ်မြို့ကို ရောက်ခဲ့တယ်၊ ကျောင်းသားလေးတွေစက်ဘီးကိုယ်စီနဲ့ ကျောင်းဆီကို အားကုန်နင်းသွားနေကြတာကို တွေ့ခဲ့ရသည်။ တစ်ချို့ကလေးတွေကတော့ ဒန်ထမင်းချိုင့်ကလေးများဆွဲလို့ ဖုန်ထူထူလမ်းမမှာကဆုန်ဆိုင်းကာပြေးနေကြရဲ့။
ဗိုလ်ချုပ်အောင်ဆန်းလည်း အဲလိုကျောင်းတက်ခဲ့မှာပါပဲ၊ အခုလည်းဗိုလ်ချုပ်လိုထပ်တူမကျခဲ့ရင်တောင် ဗိုလ်ချုပ်လိုစိတ်ကောင်းနှလုံးကောင်းနဲ့ မဟုတ်မခံစိတ်နဲ့ စိတ်အားထက်သန်တတ်တဲ့ ရိုးသားစွာအနစ်နာခံတတ် တဲ့ကလေးတွေပါမလာဘူးလို့ ဘယ်သူတွေပြောနိုင်မှာလည်း။ သူတို့ကတောရွာကလေးတွေကနေ ထွက်လာကြတာပဲ။ သူတို့တွေကျောင်းမှာပျှော်ရွင်ပါစေ၊ သူတို့မိသားစုတွေစီးပွားရေးပြေလည်နိုင်ပါစေလို့ ဆုတောင်းလိုက်မိသည်။
နံနက်(၈) နာရီခွဲကျော်ကျော်မှာတော့ နတ်မောက်မြို့ကိုရောက်သည်။ ထနောင်းပင်များနှင့်၊ မန်ကျည်းပင်များ သာမြိ့အဝင်မှာယူကလစ်ပင်အနည်းငယ်ကို အပြုံလိုက်စိုက်ထားသေးသည်။ မြို့အဝင်ဆိုင်းဘုတ်မှာပင် ကားပေါ်ပါလာသူများ တက်တက်ကြွကြွဖြင့် ဓါတ်ပုံဆင်းရိုက်ကြသည်။ မြို့အဝင်ဆိုင်းဘုတ်လေးနောက်တွင် အပြာရောင်ကောင်းကင်ကြီးနှင့်တိမ်တို့အဆုပ်လိုက် မြင်းလှည်းအိုလေးတစ်စီးက စည်းချက်မှန်မှန်ဖြင့် ဖြတ်မောင်းသွားသည်။
ဗိုလ်ချုပ်အောင်ဆန်းမွေးရပ်မွေကို ရောက်ခဲ့ပြီ။ မြန်မာနိုင်ငံ၏ တဦးတည်းသော လူသားတစ်ယောက်ကို မွေးဖွားသန့်စင်ပေးလိုက်သည့် မြို့ကလေး နတ်မောက်။ မထင်မရှားအညာမြို့ကလေးက ဗိုလ်အောင်ဆန်းကြောင့်ဂုဏ်ရောင်ပြောင်မြောက်ခဲ့လေသည် မဟုတ်လား။
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကိုရောက်တော့ ခရီးသွားကားများဖြင့် အတော်ပင်စည်ကားနေပေပြီ။ တချို့ကကားများပေါ်တွင် တစ်ချို့ကတော့ ဗိုလ်အိမ်ပေါ်၊ တစ်ချို့လည်းခြံဝန်းထဲ လှည့်လည်ကြည့်ကြရင်း အမှတ်တရဓါတ်ပုံရိုက်သူရိုက်ကြနှင့် အတော်ပင်လှုပ်ရှားနေကြသည်။
ခြံထောင့်တစ်နေရာတွင်တော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့်မော်ကွန်းမ္ဗည်းကျောက်စာကို ခန့်ခန့်ညားညားတွေ့ရသည်။ နေအိမ်အောက်ထပ်တွင် ဗိုလ်ချုပ်အမှတ်တရဖြတ်သန်းခဲ့သည့် ဓါတ်ပုံများကိုချိတ်ဆွဲပြသထားသည်။
နောက်ထပ် စပါးချီ၊ ယက္ကန်းစင်တို့ကိုလည်းတွေ့ရသည်။ အပေါ်ထပ်မှာတော့ ဗိုလ်ချုပ်အိပ်ခန်း၊ မိခင်အိပ်ခန်း၊ အမျိုးသမီးအလှပြင်ခန်း၊ မီးဖိုခန်း၊ ဗိုလ်ချုပ်စာဖတ်သည့်နေရာတို့ကို စားသားလေးများရေးဆွဲချိတ်ဆွဲပြထားသည်။
ခေါင်းရင်းဘုရားစင်အောက်တွင်တော့ ဗိုလ်ချုပ်အောင်ဆန်းပက်လက်ကုလားထိုင်ပေါ်တွင် စာဖတ်နေဟန်၊ ဆီလီကွန်ရုပ်တုက အသက်ဝင်လှစွာ သက်ရှိထင်ရှားစာထိုင်ဖတ်နေသယောင်၊ ခရီးသွားမိသားစုများက ငေးမောကြည့်ကြရင်းစုပ်တသပ်သပ်ဖြင့်။ သူတို့စိတ်ထဲတွင်ယနေ့တိုင်ဝမ်းနည်းမှတ်တမ်းများ ရှိနေသေးကြသည် မဟုတ်လား။ သူတို့စိတ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည်က ဘယ်တော့မှမသေသော သူမဟုတ်ပါလား။
အိမ်ရှေ့တည့်တည်ခြံစည်းရိုးနားတွင် နှစ်တစ်ရာဇောင်ခြမ်းပင်တစ်ပင်ကိုလည်းတွေ့ရသေးသည်။ ဗိုလ်ချုပ်နှင့်ရွယတူကြီးပြင်းခဲ့သည်ဟုဆိုနိုင်သည့် ဇောင်ချမ်းပင်ကြီးပေါ့။ ငှက်ကလေးတစ်သိုက်ကတော့ ဇောင်ချမ်းပင်ပေါ်တွင် အော်ဟစ်ကာလွတ်လပ်စွာဝင်ထွက်ပျံသန်းနေကြသည်။ လွတ်လပ်ရေးကိုကြိုးပမ်းပေးခဲ့ သူကြီးများကတော့ မရှိရှာကြတော့။ ရေနံရောင်ဝနေသည့်ဗိုလ်ချုပ်နေအိမ်ကြီးပင်လျှင် မရှိရှာတော့ မီးထဲပါသွားခဲ့ပြီ၊ ပုံစံတူဆောက်လုပ်ထားကြောင်း အိမ်တွင်းချိတ်ဆွဲထားသည့် မှတ်တမ်းကဖော်ပြထားသည်။
၁၉၇၄ ခုနှစ်၊ ဧပြီလ(၈) ရက်နေ့တွင် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်မီးလောင်ရာတွင် ပါသွားခဲ့သည်။ မူလအိမ်နေရာကိုဆွေမျိုးများကပြန်မယူတော့ဘဲ နိုင်ငံတော်သို့လှူဒါန်းခဲ့ရာ ၁၉၇၅ ခုနှစ်တွင် နတ်မောက်မြို့နယ်ဆောက်လုပ်ရေးက မူလပုံစံအတိုင်းပြန်လည်တည်ဆောက်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင်မြို့နယ် ပါတီယူနစ်နှင့်ပြည်သူ့ကောင်စီသို့လွှဲပြောင်းပေးခဲ့ကာ ပါတီကေင်စီမှတစ်ဆင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့လွဲပြောင်းပေးခဲ့ပြီး လက်ရှိအချိန်ထိ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းက နတ်မောက်မြို့နေအိမ်တွင် (၁၉၂၉) ခုနှစ်ထိနေထိုင်ခဲ့ကြောင်း ဗိုလ်ချုပ်က(၇) နှစ်သားအရွယ်တွင် နတ်မောပ်မြို့ရှိ ဒီပင်္ကရာဘုန်းတော်ကြီးကျောင်းတွင် စာသင်ကြားခဲ့ပြီး (၁၄) နှစ်အရွယ်တွင်ရေနံချောင်းမြို့သို့ပြောင်းရွှေ့ပညာသင်ခဲ့သည်ဟုဆိုသည်။
၁၉၇၀ ခုနှစ်တွင်တော့ ဦးဘဝင်း၏ ဇနီးဗိုလ်ချုပ်၏ဇနီးနှင့် ဦးအောင်သန်းတို့ကအဆိုပါနေအိမ်ကြီးအားနိုင်ငံတော်သို့ လှူဒါန်းရန်တိုက်တွန်းခဲ့ကြသဖြင့် ဦးအောင်မြင့်သိန်းက (၁၉၇၃) ခုနှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့တွင် လှူဒါန်းခဲ့ရာယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းခဲ့သည်ဟု မှတ်တမ်းရေးထိုးထားသည်။ အခြားသော ဗိုလ်ချုပ်အောင်ဆန်းမှတ်တမ်းစာသားများကိုလည်း ချိတ်ဆွဲပြသထားသေးသည်။
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ထိန်းသိမ်းစောင့်ရှောက်မှုသည် လုပ်သင့်လုပ်ထိုက်သည့်အလုပ်တစ်ခု ပင်ဖြစ်ပြီး ယခုထက်ပင်ပို၍ ထိန်းသိမ်းထားသင့်သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းကမြန်မာနိုင်ငံအတွက် တစ်ဦးတည်းသော ပုဂ္ဂိုလ်မဟုတ်ပါလား။
မြန်မာနိုင်ငံတည်ရှိသ၍ ဗိုလ်ချုပ်အောင်ဆန်းရှိနေရမည်မဟုတ်လား။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားတို့သည်က မေ့ပျောက်ကောင်းသည့်အရာမဟုတ်ပါ။ မေ့ပျောက်ထားခဲ့သည့် အချိန်ကာလတို့သည်အတိုင်းအတာတခုအထိတော့ လွန်မြောက်ခဲ့သည်ဟု ထင်သည်။ သို့သော်……….။
အနာဂတ်မြန်မာနိုင်ငံတော်ကို ပုံဖော်သွားကြမည့် ကလေးသူငယ်များကို ဗိုလ်ချုပ်အောင်ဆန်းနေအိမ်သို့ ခေါ်လာပြခြင်းဖြင့် ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးကို အတုယူရမည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာပေကဗျာသုတရသစာပေများ ပေးဖတ်ခြင်းဖြင့် ကလေးများကိုအားကျစိတ်၊ အထင်ကြီးစိတ် ယင်းသို့ကျင့်လိုစိတ်တို့ ရှိစေရမည်။ ဗိုလ်ချုပ်နေအိမ်ပြတိုက်က အနာဂတ်ကလေးများအတွက် အကျိုးပြုနေအုံးမည်ဖြစ်သည်။
ကျွန်တော်တို့က ဗိုလ်ချုပ်နေအိမ်မှ ထွက်ခဲ့ကြကာ ပုဂံညောင်ဦးသို့သွားမည့် ကားလမ်းကိုမေးမြန်းကြရင်း နေမမြင့်ခင်ပင် နတ်မောက်မြို့ကလေးကို နူတ်ဆက်ခဲ့ကြသည်။
ဝေလင်း
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ တွင်ရေးသားထားသော် ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay