

ဇူလိုင် ၂၀၊ ၂၀၂၅။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်မှာ ဒီနေ့ ဇူလိုင်လ(၂၀) ရက်နေ့မှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
စစ်ကြောရေးရဲ့ နှိပ်စက်ညှင်းပန်းမှုကြောင့် ဦးခေါင်းအတွင်း ဒဏ်ရာရရှိခဲ့သူ မဝတ်ရည်အောင်ဟာ အကျဉ်းထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရခဲ့တဲ့အတွက် ကွယ်လွန်ရတာလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့-WOPP က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ကျောင်းသားထုနဲ့အတူ လက်တွဲကာ ဆန့်ကျင်ခဲ့တဲ့ မဝတ်ရည်အောင် ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ အခြားကျောင်းသား(၅) ဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရပြီးနောက် မဝတ်ရည်အောင် ကို ၅၀၅(က) နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့တာပါ။
အဲဒီနောက်မှာတော့ ဒဏ်ရာပြင်းထန်နေတဲ့ မဝတ်ရည်အောင်ကို အင်းစိန်ထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွေ့ခဲ့ရာမှာ ကျန်းမာရေးပိုမိုဆိုးရွားလာခဲ့တာလို့ သိရပါတယ်။
ကျန်းမာရေးဆိုးရွားနေဆဲကာလမှာပဲ အင်းစိန်အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ကာ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၄ နှစ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ ထပ်မံအမိန့်ချမှတ်ခဲ့ပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အကျဉ်းဦးစီးဌာနတို့ရဲ့ နိုင်ငံရေးအကျဉ်းသူ/သားတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ညှင်းပန်းနေတဲ့အပေါ် WOPP က ဆက်လက်ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ-လူမှုကွန်ရက်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay