မကွေးတိုင်း၊ ကံမမြို့နယ်၊ ကံမ-ပြည်ကားလမ်းပေါ်မှာ အာရဖတ်(ALPHARD) 9 p—- ကား နဲ့ လူ(၂) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ နီးစပ်သူ ဆီက သိရပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးထားသူ(၂) ဦး ရဲ့ ဆရာလည်း ဖြစ်၊ ကားပိုင်ရှင်လည်းဖြစ်သူ စစ်ကောင်စီဗိုလ်ကြီးစိုးမင်းထွန်းကို ဇူလိုင်လ ၂၆ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားပြီလို့ သိရပါတယ်။
“ကားကိုဖမ်းမိမိချင်း ညှိတာမရလို့ မနေ့က လာဖမ်းသွားတယ်။ ကားကသူ့ကား ဖမ်းမိတဲ့ နှစ်ယောက်ကလည်း သူ့တပည့်တွေ တယောက်က ပိုင်ပိုင် စစ်သားလို့တော့ပြောတယ် ဂျင်ဝိုင်းတွေမှာ ငွေတောင်းလုပြန်ပဲ။ ဖမ်းမိတာကတော့ ပြောင်ကျဂိတ်မှာလို့ သိရတယ်။” လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ နီးစပ်သူ က ဒို့ပြည် ကိုပြောပါတယ်။
ဗိုလ်ကြီးစိုးမင်းထွန် ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင် မြို့အဝင် လဲရွာဂိတ်စခန်း(ဗိုလ်ရုံဂိတ်) မှာ တာဝန်ခံအရာရှိအဖြစ် တာဝန်ထမ်းဆောင် နေတာလို့ သိရပါတယ်။
“သူကသုံးပွင့်နဲ့ဗိုလ်ကြီးအဆင့်ပါ အထက်က ယာယီဗိုလ်မှူးရာထူးပေးထားရင်တော့ မသိဘူး။ အာဏာသိမ်းပြီး အရမ်းချမ်းသာလာတာ။ အခုပိုင်ရှင်မဲ့လုပ်ဖို့ ညှိနေတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်ကြီစိုးမိုးထွန်းကိုတော့ သရက်စစ်ကြောရေးမှာ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး ဒေသတွင်းမှာတော့ ၁ လုံး၊ ၂ လုံးနဲ့ လောင်းကစား၊ သစ်၊ မီးသွေးတွေကို လုပ်ခွင့်ပေးထားပြီး ချမ်းသာလာသူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနှစ်က သူ့တပည့်တယောက်ကို မူးယစ်ဆေးမှုကနေ ၅၀၅ အမှုဖြစ်အောင် သူပြောင်းပေးလိုက်သေးတယ်။” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် နဲ့ ကံမနယ်တို့မှာ မူးယစ်ဆေးဝါးတွေကို မကြာခဏဖမ်းဆီးရမိနေပြီး စစ်ကောင်စီ ဗိုလ်ကြီး၊ ရဲမှူးကြီး အဆင့်အထိ ပါဝင်ပတ်သတ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန် ၁၆ ရက်က ကျပ်ငွေ ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၁၁ ဒသမ ၆ သိန်း ကို ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာမှာ စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့ပြီး ပါဝင်ပတ်သက်သူ ပြည်ဒုခရိုင်ရဲမှူးကို ထောင်ဒဏ်(၁၀) နှစ်၊ ပန်းတောင်းမြို့နယ်ရဲမှူးကို(၇) နှစ်နဲ့ ရဲအုပ်ဗလအောင်ကျော်စိုး ကို (၆) နှစ် အသီးသီးအမိန့်ချမှတ်ခဲ့ပါသေးတယ်။
ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
ပုံစာ-ဗိုလ်ကြီးစိုးမင်းထွန်း ကို လဲရွာဂိတ်စခန်းမှာ တွေ့ရစဉ်(ကုတင်ပေါ်တွင် ကန်တော့ခံနေသူ)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
#မူးယစ်ဆေး #သရက် #ပဲခူးတိုင်း #ပန်းတောင်းမြို့နယ် #ဥသျှစ်ပင် #ကံမ #စစ်ကောင်စီ #ဗိုလ်ကြီး