ရွှေကျင်မြို့မှာ ရေကြီးရေလျှံမှုပြန်ဖြစ်ပြီး အရေးပေါ်ရွေ့နေကြရ၊

စစ်ကောင်စီက ကယ်ဆယ်ရေးမလုပ်

ဇူလိုင် ၂၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲမှာ ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့လည်ပိုင်းက စတင်ပြီး ရေကြီးရေလျှံမှု ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေကျင်မြို့ပေါ် ရပ်ကွက်တွေထဲက အနိမ့်ပိုင်းဖြစ်တဲ့ ညောင်ဝိုင်း၊ တရုတ်တန်း၊ မန်ကျည်းတန်း၊ ပျဉ်းမပင်ရပ်ကွက် တွေမှာ ဆိုးဆိုးဝါးဝါးရေကြီးနစ်မြှပ်နေပြီး အခြားရပ်ကွက်နဲ့ ကျေးရွာတွေမှာလည်း ရေကြီးနစ်မြှပ်လို့ ရွေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

“ရေက မနေ့ကနေ့ခင်းလောက်ထဲကစတက်တယ်။ တညလုံးမိုးရွာတာနဲ့ ရေအားက ရေလွှတ်တာနဲ့ဆိုတော့ ညနေပိုင်းမှာတင် ရေကတော်တော်ရောက်လာပြီ။ ညဆယ့်နှစ်နာရီလောက်မှာ မြို့ထဲရော မြို့ပြင်ရော ရေတွေအများကြီးဘဲ မြို့ထဲလမ်းဆုံမှာဆို ရေတအားစီးတော့ သွားလာလို့တောင်အဆင်မပြေဘူး” လို့ ရွေကျင်မြို့ခံအမျိုးသမီးတဦးက ဒို့ပြည် ကိုပြောပါတယ်။

ယနေ့ဇူလိုင်လ ၂၈ ရက်နေ့မှာတော့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်ခေါင်မိုးထိ ရေနစ်မြှပ်ပြီး၊ အချို့နေရာတွေမှာတော့မြေပြင်ကနေ ၇ ပေခန့်အထိ နစ်မြုပ် သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

“အခက်အခဲတွေက သောက်သုံးရေနဲ့ အစားအသောက်ပါဘဲ မီးကလဲဖြတ်ထားတော့ ဖုန်းအားတွေလဲ မရှိကြဘူး။ နေရေးထိုင်ရေးကတော့ ဘုရားကုန်းတွေ ဘုန်းကြီးကျောင်း‌တွေ အသိအိမ်တွေမှာဘဲ နေကြရတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိရေကြီးနစ်မြှပ်မှုကြောင့် ရွေ့ပြောင်းရသူ သောင်းဂဏာန်းခန့် ရှိနိုင်ပြီး စစ်ကောင်စီ က ကူညီကယ်ဆယ်ရေးလုပ်ဆောင်တာမျိုး မတွေ့ဘူးလို့ ဆိုပါတယ်။

“စကစ ကတော့ ကူညီနေတာမတွေ့ပါဘူး။ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ကတော့ ကူညီနေတာတွေ့ရပါတယ်။ ကျန်တဲ့ ဘယ်အဖွဲ့အစည်းမှမတွေ့ပါဘူး” လို့ မြို့ခံအမျိုးသမီးက ပြောပါတယ်။

ရွှေကျင်မြို့ဟာ မိုးများပြီး မဒမချောင်း၊ ရွှေကျင်ချောင်းနဲ့ ရေအားလျှပ်စစ်တို့က ရေကြောင့် ရေကြီးမှုဖြစ်ရသလို မဒေါက်မြို့ စစ်တောင်းမြစ်ရေမြင့်တက်မှုတွေကြောင့် ရေတောင့်သွားတာကြောင့်လည်း ပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေကျင်၊ မဒေါက် နဲ့ ညောင်လေးပင် မြို့နယ်တို့မှာ မြစ်ရေမြင့်တက်မှု တာကျိုးမှုတွေနဲ့ ချောင်းရေလျှံမှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကစတင်ကာ ရေကြီးနစ်မြုပ် မှုဖြစ်ပေါ်ခဲ့ပြီး ၂၅ ရက်နေ့မှာတော့ ရေအနည်းငယ်ပြန်ကျသွားကာ ၂၇ ရက်နေ့မှာတော့ ပြန်လည်ရေကြီးနစ်မြှပ်နေတာ ဖြစ်ပါတယ်။

ဓါတ်ပုံ-ဒေသခံပေးပို့( ရွှေကျင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်နေတာကို ဇူလိုင်လ ၂၇ ရက်နေ့ကတွေ့ရစဉ်)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these