ဗိုလ်ကြီးစိုးမင်းထွန်း ဆီက သိန်း (၉) သောင်းကျော် ငွေတွေနဲ့ သိန်း(၄) ထောင်ကျော်တန် ကား(၃) စီး ထပ်မံစစ်ဆေးတွေ့ရှိ

🟥 တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ကြံဖန်တီးတာလို့ လော်ဘီတွေပြော
 
ဇူလိုင် ၂၉၊ ၂၀၂၅။
 
မကွေးတိုင်း၊ ကံမမြို့နယ်ထဲမှာ အာရဖတ်(ALPHARD) ကား နဲ့ မူးယစ်ဆေးတွေအပြည့် ဖမ်းဆီးရတာနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးစိုးမင်းထွန်းကို ဖမ်းဆီးစစ်ဆေးပြီးနောက် အခုလို စပ်ဆက်ပစ္စည်းတွေကို စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပါတယ်။
 
ဗိုလ်ကြီးစိုးမင်းထွန်းရဲ့ Mobil banking ထဲမှာ မူးယစ်ဆေးနဲ့စပ်ဆိုင်နိုင်တယ်လို့ ယူဆရတဲ့ ငွေအပေးအယူ သိန်းပေါင်း(၉) သောင်းကျော်နဲ့ ပြည်မြို့က သူပိုင်ခြံဝန်းထဲမှာ သိန်း(၄) ထောင်ကျော်တန် ကား(၃) စီးကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ နီးစပ်သူ ဆီက သိရပါတယ်။
 
“ငွေအပေးအယူဘဏ်စာရင်းထဲတပြိုင်တည်းတွေ့တယ်လို့သိရတယ်။ လူကသရက်မှာပဲ မူးယစ်ဆေးဆက်စပ်တွေ ပြည်မှာမိတယ်။ သေချာပြီထောင်ကျဖို့က။ အရပ်ဘက်စစ်ဘက်အကုန်အရေးယူမှာ” လို့ တပ်တွင်းနဲ့နီးစပ်သူတဦး က ဒို့ပြည်ကို ပြောပါတယ်။
 
မကွေးတိုင်း၊ ကံမမြို့နယ်၊ ကံမ-ပြည်ကားလမ်းပေါ်၊ ပြောင်ကျရွာအနီးမှာဇူလိုင်လ ၂၃ ရက်နေ့က မူးယစ်ဆေးတွေ တင်ဆောင်လာတဲ့ အာရဖတ်(ALPHARD) ကားကိုဖမ်းဆီးရမိခဲ့ပြီးနောက် အခုလို ဆက်လက် ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
 
ဖမ်းဆီးရမိတဲ့ ဗိုလ်ကြီးစိုးမင်းထွန်းရဲ့ တပည့်(၂) ဦး ဖြစ်ပြီး (၁) မှာ ပိုင်ပိုင်ဖြစ်ကာ စစ်သားတဦးလို့သိရပြီး အာရဖတ်(ALPHARD) ကားမှာလည်း သူရဲ့ ကားဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
 
“ဖမ်းမိမိချင်းညှိတာမရလို့ မနေ့က လာဖမ်းသွားတယ်။ ကားကသူ့ကား ဖမ်းမိတဲ့ နှစ်ယောက်ကလည်း သူ့တပည့်တွေ တယောက်က ပိုင်ပိုင် စစ်သားလို့တော့ပြောတယ် ဂျင်ဝိုင်းတွေမှာ ငွေတောင်းလုပြန်ပဲ။ ဖမ်းမိတာကတော့ ပြောင်ကျဂိတ်မှာလို့ သိရတယ်။” လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ နီးစပ်သူ က ဒို့ပြည် ကို ဇူလိုင်လ ၂၇ ရက်နေ့က ပြောထားပါတယ်။
 
ဗိုလ်ကြီးစိုးမင်းထွန် ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင် မြို့အဝင် လဲရွာဂိတ်စခန်း(ဗိုလ်ရုံဂိတ်) မှာ တာဝန်ခံအရာရှိအဖြစ် တာဝန်ထမ်းဆောင် နေတာဖြစ်ပြီး အမှတ် (၉) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၉) က လို့ သိရပါတယ်။
 
ဗိုလ်ကြီစိုးမင်းထွန်းကိုတော့ ဇူလိုင်လ ၂၆ ရက်နေ့က စရဖတွေက ဖမ်းဆီးပြီးသရက်စစ်ကြောရေးမှာ စစ်ဆေးနေတာပါ။
 
“အခုအခေါက်ကသုံးခေါက်မြောက်လို့ ပြောတယ်။ ပြစ်ဒဏ်ကကြီးသွားနိုင်တယ်။ ပုသိမ်မှာနမူနာရှိတယ်လေ မကြာခင်က ကုန်ပစ္စည်းလွှတ်ပေးတဲ့အမှု သေဒဏ်ထိုက်သွားတယ်” လို့ တပ်တွင်းနီးစပ်သူတဦးက ပြောပါတယ်။
 
စစ်ကောင်စီလော်ဘီချန်နယ်တွေမှာတော့ မူးယစ်ဆေးဖမ်းဆီးရမိမှုမှာ ဗိုလ်ကြီးစိုးမင်းထွန်းနဲ့ သက်ဆိုင်ခြင်းမရှိဘဲ တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ကြံဖန်တီးရေးသားထား တယ်လို့ ရေးသားထားပါတယ်။
 
ဇူလိုင်လ ၂၃ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်မှာ ကံမမြို့နယ်၊ ပယ်ကျကျေးရွာအနီးအာရဖတ်(ALPHARD) 9N/8771 ယာဉ်ပေါ်ကနေ မူးယစ်ဆေးဝါး ၆.၂၈၆ သန်းကာလတန်ဖိုး ၁၂.၅၇၂ ဘီလီယံကျပ် တန်ဖိုး ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးရမိတာမှာ ဝေယံအောင်၊ မင်းချစ်သူ၊ အောင်ကျော်ဦး၊ ထက်နိုင် တို့ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ဟိုကလေး ၄ ယောက်က မင်းတုန်းသားတွေ တယောက်က ပြည်မှာနေတာအခု စိုးမင်းထွန်း ကားမောင်းတာက မင်းတုန်းသားပဲ ဗိုက်ပူပူနဲ့ နာမည်အရင်းမသိဘူး။ ဦးတယ်ဘီနောလို့ခေါ်တယ်။ အဲလူနဲ့ ပိုင်ပိုင်ကိုမိလို့ သရက်စရဖ လာခေါ်တာ အခုက အရပ်သားသတင်းကို စိုးမင်းထွန်းသတင်းနဲ့ မွှေနှောက်လွတ်ဖို့ ကြံစည်နေတာ” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
 
ဗိုလ်ကြီးစိုးမင်းထွန်းဟာ ဒေသတွင်းမှာတော့ ၁ လုံး၊ ၂ လုံးနဲ့ လောင်းကစား၊ သစ်၊ မီးသွေးတွေကို လုပ်ခွင့်ပေးထားပြီး ချမ်းသာလာသူဖြစ်သလို မိန်းမကိစ္စရှုပ်ပွေသူလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် နဲ့ ကံမနယ်တို့မှာ မူးယစ်ဆေးဝါးတွေကို မကြာခဏဖမ်းဆီးရမိနေပြီး စစ်ကောင်စီ ဗိုလ်ကြီး၊ ရဲမှူးကြီး အဆင့်အထိ ပါဝင်ပတ်သတ်နေကြပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန် ၁၆ ရက်က ကျပ်ငွေ ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၁၁ ဒသမ ၆ သိန်း ကို ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာမှာ စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့ပြီး ပါဝင်ပတ်သက်သူ ပြည်ဒုခရိုင်ရဲမှူးကို ထောင်ဒဏ်(၁၀) နှစ်၊ ပန်းတောင်းမြို့နယ်ရဲမှူးကို(၇) နှစ်နဲ့ ရဲအုပ်ဗလအောင်ကျော်စိုး ကို (၆) နှစ် အသီးသီးအမိန့်ချမှတ်ခဲ့ပါသေးတယ်။
 
ဓါတ်ပုံ-စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
 

You may also like these