ရွှေတောင်မှာ စစ်မှုထမ်းငွေမပေးတဲ့ ရွာကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ဝင်ရောက်

ယနေ့ည ပေါ်တာဆွဲမယ်ဆိုလို့ ကြောက်လန့်နေကြ

ဇူလိုင် ၃၀၊ ၂၀၂၅။

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းကျေးရွာကို ယနေ့ည ဇူလိုင် ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညအိပ်နားကာ ပေါ်တာဆွဲမယ်ဆိုလို့ ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ ပြောပါတယ်။

ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ကတည်းက သောင်ပြင်ကုန်းကျေးရွာ အုပ်စုကို စစ်ကောင်စီရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ စာရေး မိသားစုတို့ဟာ နေ့ချင်း ထွက်ပြေးသွားကြပြီး ယနေ့မှာတော့ အုပ်ချုပ်ရေးမှူးကတော့ ပြန်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ကတည်းကထွက်ပြေးသွားတာ အုပ်ချုပ်ရေးမှူးသန်းလင်းအောင်ကတော့ ဒီနေ့ပြန်လာတယ်။ ညနေ ၃ နာရီလောက်တော့ ရဲတွေက မော်တော်နဲ့ ဆင်ကျွန်းရွာဘက်ကိုထွက်သွားတယ်။ ညမှာ ရွာကို ပြန်လာပြီး အိပ်ကြမှာ စစ်သားတွေပါလာမယ် ဆိုလို ရွာမှာလန့်နေကြတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ဒို့ပြည်ကို ပြောပါတယ်။

သောင်ပြင်ကုန်းကျေးရွာမှာ လစဉ်စစ်မှုထမ်းကြေးငွေ မပေးဆောင်တဲ့ နေအိမ် ၅၀ ခန့်ရှိ တယ်လို့ သိရပါတယ်။

“စစ်မှုထမ်းကြေးမပေးတဲ့ အိမ်များတယ်။ အခုကတော့ ဘာလို့ ဆိုတာ အတိအကျတော့မသိရဘူး။ ဒီနေ့ညဆွဲမယ်လို့ သိထားတယ်။ ရွာမှာထွက်ပြေးတာတွေတော့ မရှိသေးဘူး။ ဝင်ဆွဲမယ်ဆိုတော့ ကြောက်ပြီးစိုးရိမ်နေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေတောင်မြို့နယ်ကျေးရွာတွေမှာ စစ်ကောင်စီစစ်မှုထမ်းကြေးအဖြစ် လစဉ် တအိမ်ထောင်ကို ၃၀၀၀၀ ကျပ်ကနေ ၅၀၀၀၀ ကျပ်ကြား ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ဒို့ပြည်ကို ပြောထားပါတယ်။

YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these