နေအိမ်တွေကို တံခါးမရှိဓါးမရှိ ဝင်ထွက်နိုင်ခွင့်နဲ့ ပစ္စည်းသိမ်းယူခွင့်ဥပဒေ စစ်ခေါင်းဆောင် ဆက်ပြဌာန်း

🟥 ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေကို ကြားဖြတ်နားထောင် စစ်ဆေးနိုင်ခွင့်တွေလည်း ပါဝင်
 
ဩဂုတ် ၂၊ ၂၀၂၅။
 
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ယာယီသမ္မအဖြစ် တာဝန်ယူထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ နေ့စွဲနဲ့ ဥပဒေပြဌာန်းချက် တရပ်ကို ဆက်လက်ပြဌာန်း ထုတ်ပြန်လိုက်ပါတယ်။
 
ဒီဥပဒေကို “၂၀၂၅ ခုနှစ်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒကို ပြင်ဆင်သည့်ဥပဒေ” ဟု ခေါ်တွင်ပြီး ပုဒ်မ ၃၈၂ အရ အကာအကွယ်ပေးထားတဲ့ ပုဒ်မ ၅၊ ပုဒ်မ ၇၊ ပုဒ်မ ၈ တိုကို ရပ်ဆိုင်းထားလိုက်တာလို့ ဆိုပါတယ်။
 
အဲဒီပုဒ်မတွေကတော့ ပုဒ်မ ၅ (ခ) ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်းအဆောက်အအုံ သို့မဟုတ်ပရဝဏ်နှင့်ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာ အိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည်” ဟု ဖော်ပြထားပါတယ်။
 
ပုဒ်မ ၇ မှာတော့ တားမြစ်ချက်များနှင့် ကျခံနိုင်သည့်ပြစ်ဒဏ်များမည်သူ့ကိုမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မပြုရပါ လို့ဆိုပါတယ်။
 
ပုဒ်မ ၈ မှာတော့ ဝရမ်းမပါဘဲ နိုင်ငံသားနေအိမ်၊ အဆောက်အအုံ ပရဝဏ် ရှာဖွေ၊ ဖမ်းဆီး၊ သိမ်းဆည်းခွင့်မပြုသလို နောက်ယောက်ခံစောင့်ကြည့်တာ၊ ထောက်လှမ်းစုံစမ်းတာကို ပြုခွင့်မရှိဘဲ ဖုန်း၊ ဆက်သွယ်ရေးအချက်အလက်တွေကို တောင်းယူတာထုတ်ပေးတာပြုခွင့်မရှိတာ၊ စာပေးစာယူ၊ စာအိတ်ချောစာတို့ကို ဖောက်ခွင့်မရှိတာ၊ မိသားစုရေးကိစ္စတာတွေ စွတ်ဖတ်ခွင့်မပြုတာ၊ ပစ္စည်းတွေကို သိမ်းယူတာ ဖျက်ဆီးတာတွေကိုလည်း တားမြစ်ထားတဲ့ ဥပဒေ တွေဖြစ်ပါတယ်။
 
အခုလိုနိုင်ငံသားတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေကို ရပ်ဆိုင်းလိုက်ကြောင်း ဥပဒေပြဌာန်းလိုက်တဲ့အတွက် မည်သူတဦးတယောက်ရဲ့ နေအိမ်ထဲကိုဖြစ်စေ အချိန်မရွေးအကြောင်းမရှိ ဝင်ထွက်မေးမြန်းစစ်ဆေး ဖမ်းဆီးနိုင်ပြီး ပစ္စည်းတွေကိုလည်း သိမ်းယူခွင့်ပြုသလို ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေကို ဆက်သွယ်ရေးစနစ်တွေမှာ ဝင်ကြည့်တာ တောင်းယူတာ ကြားဖြတ်နားထောင်တာတွေကို ပြုလုပ်ဖို့ စွတ်ဖက်ဖို့ တရားဝင် ခွင့်ပြုတာ ဖြစ်ပါတယ်။
 
မင်းအောင်လှိုင်လက်မှတ်ထိုး ရပ်ဆိုင်းလိုက်တဲ့ ဥပဒေ ၃ ခုပါဝင်တဲ့ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု၊ လုံခြုံမှုအကာအကွယ်ပေးရေး ဥပဒေ ကိုတော့ ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့မှာ သမ္မဦးထင်ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။
 
ဒီဥပဒေတွေကိုရပ်ဆိုင်းကြောင်းကိုတော့ အာဏာသိမ်းပြီး ရက်ပိုင်းသာရှိသေးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာပဲ ပြဌာန်းထားခဲ့တာဖြစ်ပါတယ်။
 
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these