ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် မှာ ဖမ်းမိတဲ့ စစ်သုံ့ပန်း(၂၆) ဦးထဲက အိမ်မပြန်လိုသူတွေကို KNU က အလုပ်အကိုင် ရှာဖွေပေး

ဩဂုတ် ၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်၊ မူးမြို့နယ် နဲ့ လယ်ဒိုမြို့နယ် တိုက်ပွဲတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆) ဦးကို စစ်စည်းကမ်းဥပဒေနဲ့ အညီ တပ်ရင်း (၉) မှာထိန်းသိမ်းထားပြီး အိမ်ပြန်လိုသူတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့သလို လုံခြုံရေးအရပြန်မရသူ၊ မပြန်လိုသူတွေကိုလည်း အလုပ်အကိုင်ရှာဖွေပေးကာ ကောင်းမွန်စွာထိန်းသိမ်းထားလျက်ရှိတယ်လို့ KNU က ယနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ က ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်၊ မူးမြို့နယ်တောင်စုကျေးရွာမှာ စစ်ကြောင်းထိုးအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြားနဲ့စစ်သုံ့ပန်း (၂၃) ဦးအားဖမ်းဆီးရမိ ခဲ့ပါတယ်။
 
အလားတူတပြိုင်တည်း လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်နယ်မြေ တော်ဝိကျေးရွာမှာလည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း(၃)ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီလိုဖမ်းဆီးရမိခဲ့သူတွေထဲမှာ မတရားစစ်မှုထမ်းဖမ်းဆီးခံရသူတွေများပြားပြီး စစ်မှုမထမ်းလိုတဲ့ စစ်သက်တမ်းပြည်သူများလည်း ပါဝင်တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ ထိန်းသိမ်းကာ ကိုယ်ရေးအချက်အလက်တွေ မှတ်တမ်းတွေကောက်ယူတာ နေရပ်သို့ပြန်လိုသူတွေကို ပြန်လည်ပို့ဆောင်တာ၊ မပြန်လိုသူတွေကိုအလုပ်အကိုင်ရှာပေးတာတွေကို စီစဥ်ဆောင်ရွက်ပေးခဲ့ပေမဲ့ စစ်ကောင်စီအနေနဲ့ လူမှုကွန်ရက်ပေါ်မှာ ဝါဒဖြန့်သတင်းအမှားများဖြန့်ဝေလျှက်ရှိသည်ကို သတိထားနိုင်ကြရန် ကြိုတင်အသိပေးအပ်တယ်လို့လည်း KNU က ဆိုပါတယ်။
 
ဓာတ်ပုံ- KNUဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ပုံရိပ်များ။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these