

ဩဂုတ် ၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင် ပုသိမ်-မုံရွာကားလမ်း ရေကျော်ရွာ လမ်းဆုံအနီးမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC MYANMAR က ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဖမ်းဆီးရမိမှုကိုတော့ ပြည်သူတဦးက သတင်းပေးပို့ခဲ့တာလို့ ဖော်ပြထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခွဲခန့်ကဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးတွေကိုတော့ ရန်ကုန်မှ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ကို တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်း နဲ့ ပူးပေါင်းပါဝင်သူ ခင်မောင်လွင် တို့ကို မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မြို့ပတ်လမ်းရှိနေအိမ်တွင် လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားတွေကို နေအိမ်မှာ သိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့သူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်ရှိ ကိုကိုနိုင် ၏ နေအိမ်မှ ပူးပေါင်းပါဝင်သူ မြတ်မင်း ကို CANTER BOX ယာဉ်၊ MINICAB ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးခဲ့တာပါ။
ကြံခင်းမြို့နယ်မှ ပန်းတောင်းမြို့နယ်ကိုတော့ LIFAN ယာဉ်ပိုင်ရှင် စိုးမင်း (ကြံခင်းမြို့နယ်၊ သံဖြူရွာနေ) နဲ့ ယာဉ်မောင်း တင့်ဆွေ တို့မှ ဆက်လက်သယ်ဆောင်ခဲ့ကြပြီး ပန်းတောင်းမြို့နယ်မှတစ်ဆင့် ရဲနိုင် နှင့် မိုးထိ တို့မှ ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်သူ တင်အောင်မိုး ၏ အစီအမံဖြင့် မင်းစည်သူ နှင့် ဖိုးအေး တို့ က တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းဆီကို လွှဲအပ်ခဲ့တာလို့ သိရပါတယ်။
အလားတူ ဇူလိုင်လ ၂၃ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်မှာလည်း မကွေးတိုင်း၊ ကံမမြို့နယ်၊ ပယ်ကျကျေးရွာအနီးအာရဖတ်(ALPHARD) 9N/8771 ယာဉ်ပေါ်ကနေ မူးယစ်ဆေးဝါး ၆.၂၈၆ သန်းကာလတန်ဖိုး ၁၂.၅၇၂ ဘီလီယံကျပ် တန်ဖိုး ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
အဲဒီဖမ်းဆီးရမိမှုနဲ့ စပ်ဆက်သူ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ဗိုလ်ရုံဂိတ် တာဝန်ခံ ဗိုလ်ကြီးစိုးမင်းထွန်းကိုတော့ စရဖ က သရက်မှာ စစ်ကြောရေးလုပ်ဆောင်ပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒို့ပြည် က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay