🟥 ဒေသခံ ၆၀ ခန့် ဖမ်းဆီးခံထားရပြီး ၁ ဦးနှလုံးရပ်သေဆုံး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေလို့ သေဆုံးသူတွေနဲ့ ဖမ်းဆီးခံထားရသူတွေရှိနေတယ်လို့ ဒေသတွင်းနေထိုင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ညနေက ကင်မွန်းခြုံအုပ်စု၊ ဒွရွာကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်က အထိုင်ချပြီး သက်ကြီးရွယ်အိုအဘိုးအဘွားတွေ အပါအဝင် ဒေသတွင်းပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးထားချိန်မှာ တူမီးကိုင်လူငယ်(၂) ဦးဟာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“တူမီးနဲ့ (၂) ယောက်တည်းသွားပစ်တာလို့ ပြောတယ်။ အဲအချိန်မှာ ပတ်ကင်းနဲ့တိုးပြီး အဆွဲခံရတာ။ ကလေးတွေက ၁၉ နှစ် ၂၀ လောက်ပဲရှိပါသေးတယ်။ (၂) ရက်နေ့ညနေမှာတော့ ရှင်းပစ်တယ်လို့ ယူဆရတယ် အလောင်းမမြင်ရသေးတော့ အတည်ပြုလို့မရဘူး ရှင်းပစ်ဖို့ကတော့ ရာခိုင်နှုန်းများတယ်” လို့ ဖြစ်စဉ်ကိုသိရှိထားသူတဦးက ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူ လူငယ်(၂) ဦးဟာ သစ်ယောင်းပြန်အုပ်စု၊ နတ္တလင်းစုကျေးရွာက ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ ဆိုပါတယ်။
“အဲဒီနေ့က အိုင်ဇောက်ကနေ သစ်ယောင်းပြန်ပြီးမှ ဒွရွာကိုဝင်တာ ရွာသူရွာသားတွေက ကြောက်လို့ပြေးကြတာ။ လယ်ကွင်းတွေထဲကို ပြေးတာ လိုက်ဖမ်းတော့ မိတာပဲ။ ဘုန်းကြီးကျောင်းကို ခေါ်သွားတာအများကြီးပဲ။ အဲဒီမှာလူငယ်နှစ်ဦးကဝင်ပစ်တာမှာ နောက်ကပတ်ကင်းနဲ့တိုးဖမ်းပြီး သတ်ပစ်တာ သေချာတယ်” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ အမျိုးသားတဦးကလည်း ပြောပါတယ်။
ဒါ့အပြင် လက်နက်ကြီးပစ်ခတ်ရာမှာ ကြောက်လန့်ထွက်ပြေးတဲ့ အသက်(၅၀) ဝန်းကျင်အမျိုးသားတဦးလည်း ကြံခင်းအတွင်း ဒူးထောက်လျှက် နှလုံးရပ်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒွရွာကဖမ်းဆီးထားသူတချို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီး၊ ကြို့ပင်ရွာသားတွေကို သစ်ယောင်းပြန်ရွာကို ခေါ်ဆောင်သွားကာ ကင်မွန်းခြုံရွာကို ဆက်လက်ထွက်ခွါသွားတယ်လို့ ယနေ့ ဩဂုတ်လ ၄ ရက် နေ့လည်မှာပဲ ဒေသပြည်သူတဦးက ဒို့ပြည် ကိုပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူ(၂) ဦးနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးကို မေးမြန်းရာမှာတော့ အတည်ပြုပြောဆိုတာ မရှိသလို ဒေသတော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်လာတာလည်း မရှိသေးပါဘူး။
ဒေသတွင်းနေထိုင်သူတွေအနေနဲ့လည်း လူငယ်တွေဆီမှာ တူမီးသေနတ်ရရှိထားတာနဲ့ ပတ်သက်ပြီး ဒို့ပြည် ရဲ့ မေးမြန်းမှုကို တရားဝင်ဖြေဆိုပေးဖို့ခက်ခဲနေကာ လက်နက်ကိုင်နှစ်ဖက်စလုံးကို ကြောက်လန့်ရသလို ရပ်ရွာလုံခြုံရေးနဲ့ ကျန်ရစ်သူတွေရဲ့ လုံခြုံရေးအရ ဖြစ်စဉ်အမှန်ကို ပြောဆိုဖို့ စိုးရိမ် နေကြပါတယ်။
ပုံစာ-ဇူလိုင်လလယ်က စစ်ကောင်စီစစ်ကြောင်းထိုးလို့ ရှောင်တိမ်းနေကြရတဲ့ ဒေသပြည်သူများ
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
#ပဲခူးတိုင်း #ပေါက်ခေါင်း #ပြည်မြို့ #ပဲခူးရိုးမ #စစ်ရှောင်ပြည်သူ #စစ်ကောင်စီ