“သုံးနှစ်သုံးမိုးလွန်သော် သူတို့အိမ်ပြန်ရောက်ကြသည်”

(ရသစာတမ်း)

ဩဂုတ် ၆၊ ၂၀၂၅။

အိမ်ရဲ့အဝေးမှာ သုံးနှစ်ရှိခဲ့ပြီ။ အိမ်ကိုမေ့သည့်နေ့ရယ် တရက်မှမရှိ။ အိမ်ကိုပြန်ဖို့ကြိုးစားမိသည့် နေ့ရယ် အကြိမ်ကြိမ်ရှိခဲ့သည်။ အိမ်လွမ်းသူ သီချင်းကို နားမထောင်ရဲ။ မျက်ရည်တို့စို့တက်လာသည်ကြောင့် ထိုသီချင်းကို နားမထောင်။ မီးရထားဩဥသံကို နားမှာစွဲနေသည်။ အဝေးပြေးကားသံတို့ နားထဲမှာ ညံနေသည်။ ဖြစ်နိုင်ရင်လေ အဝေးပြေးလမ်းတွေကို အိမ်တွေမှာ ဆုံးစေချင်သည်။

ရက်ပေါင်းများစွာ ရွာသွန်းခဲ့သော မိုးများကြောင့် ပတ်ဝန်းကျင်သည် စိုထိုင်းခဲ့သည်။ ထိုမိုးရေစက်များစုပေါင်းပြီး ပင်လယ်သမုဒ္ဒရာဆီ စီးဆင်းသွားမှာကို သိနေသည်။ တချို့မိုးရေစက်သည်လည်း မြေမှာစိမ့်ဝင်ပျောက်ကွယ်၊ မိုးပေါ်ပျံတက်လွင့်ပျယ်သွားမည်။ ခဏလေးမေးပါရစေ။ မိုးရေစက်တွေ အိမ်ကိုရောက်မည်ဆို ကျနော်မိုးရေစက်များနဲ့ မျှောချလိုက်မည်။

ကျနော်အိပ်ပျော်သွားသည့် နေ့များတွင် အိမ်မက်များထင်ထင်ရှားရှားမက်သည်။ တခုတည်းသော အိမ်မက်ကို ထပ်ခါထပ်ခါမက်သည်။ ကျနော့်မွေးရပ်မြေ ပြည်မြို့ကလေးက အိမ်ကို ပြန်ရောက်နေတတ်သည့် အိမ်မက်ပင်။ အိမ်မက်တို့မကောင်း။

အိမ်မက်ထဲမှာ လူဆိုးများက ကျနော့ကို အမြဲလိုလိုက်ဖမ်းကြသည်။ ကျနော်အကြိမ်ကြိမ် ပြေးလွှားနေခဲ့ရသည်။ အိမ်မှာ အိပ်နေချိန် ဝင်ဖမ်းကြသည်။ ကျနော်လွတ်အောင်ပြေးရသည်။ ကားများနှင့် ဆိုင်ကယ်များနှင့် ပြေးသည် ဝေးဝေးကိုမရောက်နိုင်။ ကျနော် မောလို့သာ အိမ်မက်က နိုးရသည်။

မိုးပြာရောင်တိမ်များကို မြို့အစွန်မှာ ရပ်လို့ငေးကြည့်နေချင်သည်။ အပြာရောင်မြို့ပြလမ်းများတွင် လိပ်ပြာများ ပျံဝဲနေကြမှာလား။ စိတ်ဆိုးစိတ်ကောက်တတ်သည့် ကောင်မလေးက စက်ဘီးတစီးနှင့် နှုတ်ခမ်းလေးဆူ နင်းသွားမှာလား။ ကလေးများက ပွဲစျေးတန်းထိပ်မှ မိုးပျံပူဖောင်းအရုပ်လေးများကို အိမ်အပြန် ရသွားကြမှာလား။ ဘုံဆိုင်လေးမှာ ခပ်မူးမူးသောက်ရင်း ထိုညမှာ ကျနော်အိမ်ပြန်ရောက်မှာလား။ ထိုမြို့လေးမှာ ကျနော်အိမ်ရှိတော့ ညများအတွက် ကျနော်စိတ်မပူ။

သုံးနှစ်သုံးမိုးဖြတ်သန်းရသည့် ညများစွာကို ကျနော်စိတ်ပူခဲ့ရသည်။ သူတို့နှင့်ကျနော် ဘဝကိုမည်သို့ ဆက်ရမည်ဆိုတာကို ကျနော်စိတ်ပူနေသည်။ ကျနော့်အိမ်မဟုတ်သည့်အတွက် တနေ့နေ့တွင် ကျနော်ပြောင်းရွေ့ရမည်ကို ကျနော်စိတ်ပူသည်။ မြို့ပြညများသည် လွတ်လပ်သော ဘုံဆိုင်များမဟုတ်သည့်အတွက် ကျနော်ဘယ်ကိုမှမသွား။ ညတို့သည် တိတ်ဆိတ်စွာပဲ တံခါးဆွဲပိတ်သံ ဖြင့် တကိုယ်ရည်အထီးကျန်မိသည်။

တချို့သည်လွတ်မြောက်ရာသို့ထွက်သွားကြပြီ။ တချို့သည်လွတ်မြောက်ဖို့ ကြိုးစားကြသည်။ ကျနော်ကတော့ ဘာကိုမှ မကြိုးစားချင်သူတယောက်လိုပါပဲ။ ကျနော်က အိမ်ကိုပဲပြန်ချင်သူတယောက်ပါပဲ။ တခါတလေတော့လည်း အဓိပ္ပာယ်ကင်းမဲ့စွာ အဝေးပြးကားဝန်းအပေါက်ကနေ ဘယ်သူမှ မသိအောင် အချိန်အကြာကြီး ကျနော်ရပ်ကြည့်နေမိသည်။ တခါတလေတော့လည်း နယ်ခြားမြစ်ဆိုသည့်ကမ်းနဖူးမှာ တိတ်တိတ်လေး ထိုင်ကြည့်နေသည်။

တခါတလေတော့လည်း နယ်စပ်တံတားပေါ် ပီနံအိတ်ခေါင်းရွတ်ပြီး ကလေးတယောက်လက်ဆွဲကာ ပြန်သွားကြသည့် သားအမိကို ကျနော်ကြည့်ရင်းအားကျနေမိသည်။ “အော်….သူတို့အိမ်ပြန်ကြတာဖြစ်မှာပဲ” အဲလိုမျိုး စိတ်ထဲမှာ တယောက်ထဲ ရေရွတ်ပြီး မျက်ရည်ဝဲနေတတ်သည်။

တခါတလေတော့လည်း မြန်မာနိုင်ငံမှ ကားများကို နယ်စပ်မြို့လေးမှာ မြင်ရသည်အခါတိုင်း အငမ်းမရ လိုက်ကြည့်ဖြစ်သည်။ “ဒီကားက ငါ့နိုင်ငံကကားတွေပဲ။ ဒီကားတွေက ညနေဆို တံတားကနေ မြန်မာနိုင်ငံကို ပြန်သွားမှာပဲ” အဲလို တယောက်တည်းရေရွတ်နေမိသည်။

တရက်တွင်တော့ သတင်းများကို ကျနော်ကြည့်နေမိသည်။ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကြာမှ သူတို့၏ နေအိမ်များကို ပြန်လည်ရောက်ကြသည့် တော်လှန်ရေးရဲဘော်များအကြောင်းအား ကျနော် ဖတ်ရသည်။ ဓါတ်ပုံများအား ကျနော်ကြည့်ရသည်။ သူတို့ နေအိမ်များသည် ခြုံနွယ်ပိတ်ပေါင်းများစွာ ထူထပ်နေသည်။ ပိုင်ရှင်မဲ့သွားသည့် နေအိမ်များ။ ထိန်းသိမ်းစောင့်ရှောက်ပြုစုသူမရှိသည့်နေအိမ်များဖြစ်သည်။ သူတို့နေအိမ်များကို သူတို့ အောင်မြင်စွာ ပြန်လည်အရယူနိုင်ခဲ့ကြသည်။ သူတို့အိမ်ကို သူတို့ ဘယ်လောက်တောင်များ သတိရအောင့်မေ့နေကြမလဲ။ အိမ်နဲ့ မတူတဲ့နေရာတွေမှာ သူတို့ ဘယ်လို ကျော်ဖြတ်နေခဲ့ကြရမလဲ။

ကျနော် မျက်ရည်ဝဲရပြန်သည်။ ကျနော်ဝမ်းသာရပြန်သည်။ အိမ်ရှင်လူငယ်များကတော့ ဆိုဖွယ်ရာမရှိပါ။ လွတ်လပ်မှုနှင့် လုံခြုံမှုတို့သည် အဘယ်သူမှလုပ်ပေးသည်မရှိ၊ မိမိတို့ဘာသာမိမိတို့သာ လုပ်ယူကြရသည့် အရာဖြစ်သည်။

ယမ်းငွေ့တို့ ပျယ်သည့်တနေ့တွင် အပြာရောင်မိုးကောင်ကင်သည် ရှင်းလင်းလာမည်။ ကျနော့်အိမ်လေးရှိမည့် မြို့ကလေးအား ကျနော်ပြန်မည်။ မြေနီလမ်းကလေးနေရာတွင် ကတ္တရာလမ်း မခင်းလည်း ကျနော်ကျေနပ်သည်။ အိမ်ကလေးသည် ကျဉ်းမြောင်းနေလည်း ကျနော်ကျေနပ်သည်။

ညတို့သည် အပူပင်ကင်းနေမည်။ တယောက်နှင့်တယောက် ချစ်ကျွမ်းတဝင်နှုတ်ဆက်ကြမည်။ ကျနော့်အိမ်ကို သူတို့ကို ဖိတ်မည်။ သူတို့အိမ်ကို ကျနော်သွားလည်မည်။ ကျနော်တို့ကိုဘယ်သူမှ မစစ်ဆေးရ။ ဘယ်သူ့ကိုမှ ကျနော်တို့ ကြောက်ရွံ့မနေရ။ ကျနော်တို့ အိမ်ကို ဘယ်သူကမှ ချိတ်ပိတ်မထားရ။

သူတို့ကတော့ သုံးနှစ်သုံးမိုးလွန်ပြီး အိမ်ကိုပြန်ရောက်သွားကြပြီဖြစ်သည်။ ကျနော်တို့က ဘယ်နှစ်နှစ် ဘယ်နှစ်မိုး ဆက်ပြီး ဖြတ်သန်းရအုံးမည်မသိ။ ငှက်တို့သည် ပျံရင်းသေကြသည်။ လွတ်လပ်မှုနှင့် လုံခြုံမှုတို့သည် ကျနော်တို့ကိုယ်တိုင် တည်ဆောက်ယူရမည့်အရာသာဖြစ်သည်မဟုတ်လား။

ရေးသားသူ-ဝေလင်း
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these