

(အတွေးအမြင်)
ဩဂုတ် ၁၂၊ ၂၀၂၅။
ယနေ့ ဩဂုတ် ၁၁ ရက်နေ့မှာဖော်ပြထားတဲ့ BBC ကသတင်းတပုဒ်နဲ့ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က အမေးအဖြေ ကို ဘာကြောင့် အပြည့်အစုံမဖေါ်ပြတာလဲ ဆိုပြီး မှတ်ချက် ရေးထားတာကို တွေ့ရတယ်။
နာရီဝက်အကြာမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က သူနဲ့ BBC ရဲ့ အမေးအဖြေအပြည့်အစုံ ကို သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြလိုက်ပါတယ်။
BBC ရဲ့ ဖော်ပြချက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ရဲ့ ဖြေကြားချက်က အနှစ်သာရအားဖြင့်ရော အဓိပ္ပာယ်အားဖြင့်ပါ အတော်ကွဲလွဲတာကို တွေ့ရတယ်။
BBC ရဲ့ ခေါင်းတပ်ထားပုံနဲ့ ကောက်စာမှာ KIA က စစ်တပ်ကို ဆွေးနွေးချင်တဲ့သဘောကို အသားပေးထားပြီး PCG ကနေတဆင့် စစ်တပ်ဘက်က စတင်ကမ်းလှမ်းတာကို မျက်စိမှောက်အောင်အဖြစ်ပဲထည့်ထားတယ်။ ပြီးခဲ့တဲ့ ဇွန်လက မှ စကားပြောကြသလိုမျိုးလည်း တွေ့ရပြီး ယခင်နှစ်ကတည်းက စစ်တပ်က တခါကမ်းလှမ်းခဲ့တယ််ဆိုတာ မတွေ့ရတော့ဘူး။
ဒီနေရာမှာပြောစရာတခုကတော့ ချိန်သားကိုက်မှုပါ။ ဘယ်လိုချိန်သားကိုက်မှုတွေလဲ?
KIA ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် နဲ့ NUG ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့တာ၊ တခြား ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ၊ အညာက လက်နက်ကိုင်တပ်ဖွဲ့တွေ တွေ့ဆုံဆွေးနွေးကြတဲ့ ဓါတ်ပုံတွေကို သတင်းဌာနတော်တော်များများမှာ ခပ်စိပ်စိပ် တွေ့လာရတယ်။
နောက်တခုက ဗန်းမော်ကို စစ်တပ်ရဲ့ စစ်ကူ သင်္ဘောတွေရောက်ရှိသွားတာ၊ စစ်တပ်က KIA သိမ်းပိုက်ထားတဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို ပြန်လည်ရရှိတယ်လို့ ဝါဒဖြန့်ချီမှုများလာတာ၊ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အချိန်နဲ့ကိုက်ညီနေပါတယ်။
နောက်တချက်ကတော့ ကမ္ဘာလုံးဆိုင်ရာနဲ့ စိတ်ဝင်စားမှုမြင့်တက်လာနေတဲ့ မြေရှားသတ္တု ကိစ္စတွေအသံကျယ်နေချိန်လည်း ဖြစ်ပါတယ်။(စာရှည်မှာဆိုးလို့ အကျယ်မချဲ့လိုသလို သိကြပြီးသားတွေလို့လည်း ယူဆပါတယ်)
နောက်ထပ်ပြောစရာတွေကတော့ များစွာရှိနေပါတယ်။ BBC ရဲ့ လူဟောင်းတွေပြောကြားချက်အရလည်း မူဝါဒပိုင်းဆိုင်ရာ၊ အယ်ဒီတာအပြောင်းအလဲတွေက သတင်းခန်းစီမံခန့်ခွဲမှုအပြင် ပြည်တွင်းမှာရပ်တည်ရေးဆိုတာတွေကိုလည်း မေးခွန်းထုတ်စရာတွေပါ။
ဒါပေမဲ့ ဒီနေရာမှာ သတင်းမီဒီယာသမားတဦးအနေနဲ့ ပြောစရာရှိတာကတော့ အင်တာဗျူးမေးတဲ့သူ၊တည်းဖြတ်ရတဲ့ အယ်ဒီတာတွေ၊ နောက်ဆုံးအထိ ဖော်ပြဖို့ဆုံးဖြတ်ချက်ချတဲ့ တာဝန်ခံ၊ အယ်ဒီတာချုပ် တွေဟာ သူတို့ဘယ်လိုသဘောနဲ့ ဖော်ပြကြတယ်ဆိုတာ သိကြမယ်ထင်တယ်။ ပရမ်းပတာလုပ်လို့မရပါဘူး။ ဘာကြောင့်ဆို ကမ္ဘာမီဒီယာကြီးဖြစ်နေလို့ပါပဲ။
BBC က အခုဖော်ပြလိုက်တဲ့သတင်းမှာတော့ အမုန်းတရားတွေ၊ ပြိုကွဲရေးတွေ၊ သွေးကွဲရေးတွေ နဲ့ တော်လှန်ရေးအင်အားစုတွေကြား ဝိဝါဒတွေကို ပြည့်ပြည့်ဝဝ ဖြစ်သွားစေပါတယ်။
ဒီအချက်ကို တော်လှန်ရေးအင်အားစုတွေကလည်း သတိထားဖို့လိုပါတယ်။ ငါတကောကောပြီး အနှစ်သာရကိုမကြည့် သေချာမစဉ်းစား၊ ဇာစ်မြစ်ကိုမလိုက်ဘဲ သတင်းတပုဒ်နဲ့တင် လမ်းမဆုံးဖို့ လိုပါတယ်။
အနှစ်ချုပ်ပြောရရင် သတင်းသမားတဦး သတင်းရေးသားဖော်ပြတဲ့အခါ အဓိကအသက်ဟာ ရိုးသားဖို့ပါပဲ။ အခုကာလမှာ ကျနော်တို့ နိုင်ငံအတွက်ဆိုရင် သတင်းမီဒီယာသမားတွေက နိုင်ငံအကျိုးရှိရေးနဲ့ အဖိနှိပ်ခံနေရတဲ့ ပြည်သူလူထုအကျိုးရှိရေး ကို စိတ်ရင်းစေတနာထားဖို့ လိုပါတယ်။(ဟုတ်တာရောမဟုတ်တာရောမြှောက်ပင့်ရေးဖို့ မဆိုလိုပါ။)
ဆိုတော့ BBC ရဲ့ အခုသတင်းတပုဒ်က ရိုးသားရဲ့လား ဆိုတာပါပဲ။
ရေးသားသူ-ဝေလင်း(သတင်းသမားတဦး)
ယခုအတွေးအမြင်ဆောင်းပါးပါ အာဘော်သည် ရေးသားသူ၏အာဘော်သာ ဖြစ်ပါသည်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ဒို့ပြည်
#အတွေးအမြင် #ဆောင်းပါး #ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် #ကချင် #KIA #interview #BBC