သဲကုန်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး သေဆုံးများ၊ စစ်ရှောင်တွေနဲ့ နေအိမ်တွေကို မီးရှို့ဗုံးကြဲ

ဩဂုတ် ၁၃၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို ပကဖ တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
 
ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီချိန်ခန့်က ရုံးပင်တက်ရွာ အနောက်ကုန်းကိုရောက်လာတဲ့ အင်အား(၁၀၀) ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို သုံးပွင့်ဆိုင်မိုင်းကွင်းအတွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၁၃) ဦး သေဆုံးခဲ့တယ်လို့ ပြည်ခရိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီနေ့ နံနက်ခင်းပိုင်းကတည်း သစ်နီတောရွာ ကို FAW ကား(၅) စီးနဲ့တကြိမ်၊ FAW ကား(၂) စီးနဲ့ တကြိမ် ရောက်ရှိလာခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေလှုပ်ရှားနေရာနေရာကို ဒရုန်းဗုံး(၂) လုံးကြဲချတိုက်ခိုက်ခဲ့သလို နွားညိမ်တောင် က တဲ (၁) လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
“ဆက်လက်တိုက်ပွဲတွေဖြစ်ပွားလာနိုင်ပြီး စကစတွေက ကားဆိုင်ကယ်တွေချောဆွဲတာ၊ လူသားဒိုင်း အနေနဲ့ ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေလို့ ပြည်သူတွေသတိထား သွားလာကြဖို့ အသိပေးအပ်ပါတယ်” လို့ ပြည်ခရိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့ ၉ နာရီခန့်က စစ်ရှောင်ပြည်သူတွေ ကို ဗုံးကြဲတိုက်ခိုက်သလို ၁၀ နာရီမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဓါးသွေးကျောက်ရွာကို မီးတင်ရှို့ခဲ့တဲ့အတွက် နေအိမ်(၁၄) လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
 
ဒါ့အပြင် ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ မှာတော့ သရက်ကိုင်းကျိုးရွာကို မီးထပ်ရှို့နေတယ်လို့ဆိုပါတယ်။
 
“ဆက်လက်ပြီးတိုက်ပွဲတွေဖြစ်လာနိုင်လို့ ပြည်သူတွေအနေနဲ့ စစ်ပွဲအတွင်းဆောင်ရန်ရှောင်ရန် လမ်းညွှန်ချက်တွေကို လိုက်နာကျဖို့ တိုက်တွန်းချင်ပါတယ်။” လို့ ပြည်ခရိုင်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုတွေကိုတော့ ပြည်ခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ သဲကုန်း၊ ပေါင်းတည်ပကဖ အဖွဲ့(၃) ဖွဲ့ က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဖူးလို့ ဆိုပါတယ်။
 
တိုက်ပွဲတွေအပြီးမှာတော့ စစ်ကောင်စီတပ်က ပဲသီတာဘုရားကုန်းပေါ်ကို မိုးကားအုပ်ထားတဲ့ လက်နက်ကြီးကားတက်ရောက်သွားတယ်လို့ သိရပါတယ်။
 
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ဒို့ပြည်
#ပြည်ခရိုင် #သဲကုန်းမြို့နယ် #စစ်ရှောင်ပြည်သူ #လူထု #သတိပြုပါ #ပကဖ #ပဲခူးတိုင်း

You may also like these