တဦးတည်းနေသူတွေနဲ့ အိမ်ထောင်သည်စုံတွဲတွေ ဖမ်းဆီးခံရမှုများ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် အစွန်အဖျားရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခံရမှုတွေ များပြားနေတယ်လို့ မြို့နေပြည်သူတွေက ဒို့ပြည် ကို သတင်းပေးပါတယ်။
ခေတ္တရာမြို့သစ်အစွန်အဖျားလမ်းတွေနဲ့ ရွှေတံခါးရပ်ကွက် တွေမှာ ဩဂုတ်လ အတွင်း ည ၁၁ နာရီဝန်းကျင်တွေမှာ စစ်သား(၁၀) ခန့်နဲ့ ဧည့်စာရင်းစစ်သလိုမျိုး အိိမ်တွေထဲကို ဝင်ရောက်ပြီး အရွယ်ကောင်းအမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။
“ညဆယ့်တစ်နာရီဝန်းကျင်တွေပဲ Mask အနက်ရောင်တပ်ထားကြတယ်။ အင်အားကတော့ ဆယ်ယောက်ဝန်းကျင် သေနတ်တွေနဲ့ စစ်သားတွေချည်းပဲ ဝင်စစ်ဆေးတယ်။ လူငယ်နဲ့ ယောင်္ကျားလေးတွေကို သေချာမေးပြီး တခါတည်းဖမ်းခေါ်သွားတယ်” လို့ ရွှေတံခါးရပ်ကွက်နေသူတဦး က ဒို့ပြည် ကို ပြောပါတယ်။
အိမ်အငှားအခန်းတွဲတွေကို ပိုမိုဝင်ရောက်ကာ နယ်မှအလုပ်လုပ်နေကြတဲ့ အမျိုးသားလူငယ်တယောက်တည်း နေထိုင်သူတွေနဲ့ အိမ်ထောင်ကျကာစ အိမ်ခွဲနေထိုင်ကြသူတွေကို ပိုမိုစစ်ဆေး ဖမ်းဆီးတတ်တယ်လို့ သိရပါတယ်။
“ဘယ်ကလာတာလဲ ဘာလုပ်တာလဲ မေးတာတော့စုံတယ်။ ဒီရက်ထဲပေါ်တာဆွဲတာအရမ်းစိတ်လာတယ်။ ဧည့်စာရင်းစစ်သလိုနဲ့ လစ်ရင်ဆွဲတယ် ရပ်ကွက်လူကြီးဘာညာလဲ မပါတော့ဘူး” လို့ မြို့နေပြည်သူတဦး ကလည်း ဒို့ပြည် ကိုပြောပါတယ်။
အခုလိုဖမ်းဆီးနေမှုတွေကြောင့် သီးသန်အိမ်ခွဲနေထိုင်ကြတဲ့ အိမ်ထောင်သယ်တွေလည်း မိဘတွေနဲ့အတူ ပြန်လည်ပေါင်းနေရတာတွေ ရှိနေပြီး တချို့ကတော့ ညအချိန်တွေမှာ မကြာခဏအိမ်ပြောင်းရွေ့နေကြရတယ်လို့ ဆိုပါတယ်။
ဒို့ပြည်က စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေအရ ပြည်မြို့မှာ ဩဂုတ်လဝက်အတွင်းမှာပဲ ဖမ်းဆီးခံရသူ ၃၀ ဦးထက်မနည်းရှိနေပြီး တညအတွင်းမှပင် ၇ ဦးအထိ ဖမ်းဆီးခံရမှုဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
“ရွှေတံခါး ၃ လမ်းထဲက အရက်ဆိုင်မှာလည်း အရက်သောက်နေတဲ့ ၃၀ ဝန်းကျင် ယောင်္ကျေားလေးတယောက်လည်း လာခေါ်သွားတယ် မခေါ်ခင် ၁၀ ချက်လောက်ရိုက်ပီး အိုးဝေပေါ် ခွေးသေပစ်တင်သလိုတင်ပြီး ခေါ်သွားတယ်” လို့ မြင်တွေ့ခဲ့ရတဲ့ ခရီးသွားတဦးကလည်း ဒို့ပြည် ကိုပြောပါတယ်။
တချို့လူငယ်တွေကိုတော့ ရပ်ကွက်ရုံးတွေမှာ ခဏထားကာ ငွေနဲ့ပြန်လည်ရွေးခိုင်းတာမျိုးတွေရှိပြီး တောင်းသလောက်ငွေကိုမပေးနိုင်ပါက ၉၅၉ တပ်ထဲကို ပို့လိုက်တယ်လို့ ဆိုကြပါတယ်။
“ရွှေတံခါးကကလေးတယောက်ဆိုရင် အသက်တောင်မပြည့်သေးဘူး ၁၇ နှစ်လောက်ပဲရှိမယ် ဖမ်းတယ်။ မိဘကဆင်းရဲတော့ ငွေမတတ်နိုင်ဘူး ရပ်ကွက်ရုံးမှာ ၃ သိန်းနဲ့လိုက်ရွေးတယ် မရဘူး ထပ်တောင်းတော့ မိဘတွေက မတတ်နိုင်တော့ဘူးလေ” လို့ မြို့နေပြည်သူတဦးက ပြောပါတယ်။
စစ်မှုထမ်းဖမ်းဆီးခံရသူတွေကို သိန်း ၇၀ နဲ့ ၁၀၀ ကြားငွေတောင်းတတ်ပြီး မပေးနိုင်ပါက စစ်မှုထမ်းသင်တန်းကို ပို့ဆောင်လိုက်ကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ပညာရေးနဲ့ အခြား ရုံးဝန်ထမ်းတွေရဲ့ မိသားစုတွေလည်း ပါဝင်နေကြပြီး ကြံ့ခိုင်ရေးပါတီနဲ့ ရဲတပ်ဖွဲ့တွေရဲ့ မိသားစု ဆွေမျိုးတွေလည်း ဖမ်းဆီးခံနေကြရပါတယ်။
ပုံစာ-၂၀၂၅ ခုနှစ် ဇန်နဝါရီလက ပြည်မြို့မှာဧည့်စာရင်းစစ်နေတဲ့ ရဲတပ်ဖွဲ့(ဓါတ်ပုံ-စစ်ကောင်စီချန်နယ်)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay