

(ဆောင်းပါး)
ဩဂုတ် ၁၇၊ ၂၀၂၅။
သက်ရှိအမွေအနှစ်ဆိုတဲ့စကားကို စာရေးသူအခုမှ ကြားဖူးတာပါ။ အတိအကျ ပြောရရင်တော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက သွားခဲ့တဲ့ ကယားပြည်နယ် ခရီးစဉ်မှာ ကြားဖူးခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီနေ့က စာရေးသူတည်းတဲ့ Loikaw Princess ဟိုတယ် မန်နေဂျာမစန္ဒီလင်းနဲ့ စကားပြော ဖြစ်ခဲ့တယ်။ ပြောဖြစ်တယ်ဆိုတဲ့ အကြောင်းကလည်း စာရေးသူတို့ သွားရောက်ခဲ့တဲ့ ပန်ပက်ကျေးရွာနဲ့ ကယန်းလို့ခေါ်တဲ့ ပဒေါင်လူမျိုးတွေအကြောင်းကို သိချင်တယ်၊ မေးချင်တယ်လို့ စာရေးသူက တောင်းဆိုတဲ့အတွက် သိချင်တာ မေးတယ်။ မစန္ဒီကလည်း သူသိသလောက် ပြောပြတယ်။
ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ နံနက်ခင်းလေပြည်လေးက အေးမြလတ်ဆတ်နေတယ်။ နေရောင်ထွက်လာပေမဲ့ နံနက်ခင်းဟာ မြူနှင်းတွေရဲ့လက်ကနေ မလွတ်မြောက်နိုင်သေး။
“ယဉ်ကျေးမှုအမှုအမွေအနှစ်လို့ ဆိုတဲ့နေရာမှာ သက်မဲ့နဲ့ သက်ရှိဆိုပြီး နှစ်မျိုးရှိတယ်။ သက်မဲ့ ဆိုတာကတော့ ပစ္စည်းကို ထိန်းရတာလေ။ ဥပမာ- စေတီပုထိုးတွေ၊ လက်မှုပစ္စည်းတွေစသဖြင့် ကိုင်တွယ်ပြုပြင်ထိန်းသိမ်းလို့ ရတာတွေပေါ့။ သက်ရှိကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ မျိုးနွယ်စုတစ်ခုလုံးကို ထိန်းသိမ်းရတာ။ ယဉ်ကျေးမှု၊ ဓလေ့စရိုက်နဲ့ လူတွေကိုပါ ထိန်းသိမ်းရတာဆိုတော့ ပိုခက်တယ်။ သူတို့ရဲ့ စားဝတ်နေရေး၊ ဘဝရပ်တည်ရေးအတွက်ကိုပါ ထည့်စဉ်းစားနေရပြီ။ အဲဒါတွေကို မလုပ်ပေးနိုင်ရင်တော့ သူတို့မျိုးနွယ်စုတွေဟာ မြန်မာ့မြေပေါ်ကနေ လူမသိ တိတ်တိတ်ကလေး ပျောက်ကွယ်သွားရတော့မှာ” မစန္ဒီကပြောနေရင်း အဝေးကို ငေးကြည့်နေတယ်။
သူ့မျက်ဝန်းထဲက ကြေကွဲရိပ်တွေ ပြည့်နေတယ်လို့ စာရေးသူ ထင်မိတယ်။ စာရေးသူလည်း တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။
စာရေးသူတို့သွားခဲ့တဲ့ ပန်ပက်ရွာက ကယန်း(ခေါ်) ပဒေါင်လူမျိုးတွေဆိုရင် လည်ပင်းမှာရော၊ ခြေထောက်မှာပါ ကြေးကွင်းကြီးတွေနဲ့ တော်တော်ခက်ခက်ခဲခဲ နေကြရတယ်။
အခုနောက်ပိုင်း လူငယ်တွေကျတော့ လှချင်ကြတယ်။ ခေတ်နဲ့အညီ ဝတ်ချင်စားချင်ကြတယ်။ ကြေးကွင်းကြီးတွေကို ဘယ်သူမှ မဝတ်ချင်ကြတော့ဘူး။ နောက်မျိုးဆက်တွေကျရင် ဘယ်နှယောက်က ဒါတွေကို ဝတ်ကြတော့မှာလဲ။ စိုးရိမ်စရာတွေ ရှိလာတယ်။ ကြေးကွင်းဆိုတာလည်း အခုပတ် အခုချွတ်လို့ ရ တဲ့အရာမမှ မဟုတ်တာ။ တချို့က အသက်လေးနှစ်ကစပြီး ဝတ်တယ်။ တချို့ကအသက်ကြီးမှ ဝတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုတော့ ထိန်းသိမ်းဖို့လိုတယ်လို့ စာရေးသူ ယူဆမိတယ်။ ဒါဟာ မစန္ဒီပြောတဲ့ သက်ရှိအမွေအနှစ်ကို ထိန်းသိမ်းခြင်းပါပဲ။
ပြောလို့သာ ပြောနေရတာပါ။ ကြေးကွင်းတွေကို ဝတ်ဆင်ရတာဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ကြေးကွင်း ၃၄ ကွင်းအထိ ဝတ်ဆင်ထားတဲ့ အဘွားအိုတစ်ဦးဆိုရင် ကြေးပိဿချိန် နှစ်ပိဿာခွဲရှိတဲ့ အလေးချိန်ကို နေ့စဉ်လွယ်ပိုးထားရတယ်။ လက်တွေ၊ ခြေထောက်တွေမှာလည်း ငွေ၊ ကြေးအစရှိတဲ့ လက်ကောက်ကွင်းတွေ ရှိသေးတယ်။
တော်တော်အနေကျပ်ပြီး ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေပါတယ်။ နောက်ပြီး ကြေးကွင်းတွေ၊ ရိုးရာဝတ်စုံတွေက စျေးကြီးလွန်းတော့ ဝတ်ချင်ရင်တောင် လွယ်လွယ်ကူကူ မဝတ်နိုင်တဲ့ အခြေအနေပါ။
ဒါပေမဲ့လည်း ကယန်းလူမျိုးတွေဟာ ကြေးကွင်းတွေ၊ ရိုးရာဝတ်စုံတွေကြောင့် ကမ္ဘာကျော်နေရခြင်း ဖြစ်ပါတယ်။ သူတို့ရှိနေလို့ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေက ကယားပြည်နယ်ကို လာရောက်ခြင်း ဖြစ်တယ်လို့မစန္ဒီက အခိုင်အမာပြောပါတယ်။
ကယန်းလူမျိုးတွေ နေထိုင်တဲ့ ပန်ပက်ကျေးရွာအုပ်စုမှာ ရွာငါးရွာရှိပြီး လူဦးရေ ၁,၂၈၇ နေထိုင်တယ်။ အဲဒီလူဦးရေအထဲမှာမှ ကြေးကွင်းဝတ်ဆင်သူအမျိုးသမီး ၂၀၀ ခန့်ရှိပေမဲ့ ငယ်ရွယ်သူအမျိုးသမီးတစ်ဝက် ခန့်ဟာ ထိုင်းနိုင်ငံမှာ ရောက်နေကြသတဲ့။
ထိုင်းနိုင်ငံမှာ ခရီးသွားဧည့်သည်တွေကို ကြေးကွင်းဝတ်ဆင်ပြသပြီး တစ်လဝင်ငွေသုံးသိန်းနဲ့အထက် ရရှိကြတယ်လို့ ဆိုတယ်။ အခုနောက်ပိုင်းတော့ မိန်းမပျိုအချို့က မိသားစုနဲ့ အတူနေပြီး အလုပ်လုပ်ဖို့ ပြန်လာကြတာတွေလည်း ရှိပါတယ်။ လက်တလောမှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်နေတဲ့အတွက် ကယန်း၊ ကယောနဲ့ ကယားလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေဆီ နိုင်ငံခြားဧည့်သည်တွေ စိတ်ဝင်တစား သွားရောက်နေကြတယ်လို့ သိရပါတယ်။
အဲဒီတိုင်းရင်းသားတွေ အားလုံးဟာ အခြားသောတိုင်းရင်းသားတွေနဲ့ မတူဘဲ တမူထူးခြားကြတဲ့ အတွက် ခရီးသွားတွေက စိတ်ဝင်စားနေကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းဖို့တော်တော်လေး ခက်ခဲတဲ့အနအထားမှာ ရှိနေပါတယ်။
ဒီနေရာမှာ စာရေးသူသွားရောက်လေ့လာခဲ့တဲ့ ကယန်းလူမျိုးတွေရဲ့ ရိုးရာဓလေ့စရိုက်နဲ့ပတ်သက်ပြီး အနည်းငယ်တင်ပြ လိုက်ပါတယ်။
ကယန်းလူမျိုးတွေကတော့ သူတို့ကိုယ်သူတို့မွန်ဂိုဒေသက လာတဲ့သူတွေလို့ ပြောလေ့ရှိပါတယ်။ လက်ရှိတော့ မိုးဗြဲဒေသနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ အများစုနေထိုင်ကြပါတယ်။ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်ပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူများလည်း ရှိပါတယ်။ နတ်ကိုးကွယ်မှုနဲ့ ရောပြွန်းနေတဲ့ ကိုးကွယ်မှုပုံစံ ဖြစ်တယ်လို့ သိရပါတယ်။
စာရေးသူ အဓိကစိတ်ဝင်စားတာတော့ ကြေးကွင်းတွေကို ဘာကြောင့် ဝတ်တာလဲဆိုတာပါပဲ။ ပြောတာကတော့အမျိုးမျိုးပါပဲ။ တချို့က တောထဲမှာ ကျားမကိုက်နိုင်အောင် အကာအကွယ် သဘောမျိုး ဝတ်ဆင်တယ်လို့ ပြောတယ်။ တချို့ကတော့ ကမ်းယံအနွယ်ဝင်ပဒေါင်အကြီးအဲရဲ့ သမီးတော်ဟာ ယူနန်ဘုရင်က လက်ဆောင်ပါးလိုက်တဲ့ ဘော်ထည်ကို မြတ်နိုးလွန်းလို့ လည်ပင်းမှာ ဝတ်ဆင်ထားရာက အစပြုခဲ့တယ်လို့ ပြောတယ်။ နောက်ပိုင်းမှာ ဘော်ထည်အစားကြေးကို ဝတ်ဆင်ခဲ့တယ်လို့ ဆိုပြန်တယ်။ ခက်တာကအဲဒါနဲ့ပတ်သက်ပြီး တိကျတဲ့ သမိုင်းမှတ်တမ်းမတွေ့ရဘူး။ ဘာပဲဖြစ်ဖြစ် အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။
နောက်ပြီး သူတို့ရဲ့ မင်္ဂလာပွဲကျင်းပပုံကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ မင်္ဂလာပွဲကို သုံးရပ်ကျင်းပလေ့ရှိသတဲ့။ ပထမရက်မှာ သတို့သမီးဟာ မိခင် ဒါမှမဟုတ် အစ်မ ဒါမှမဟုတ် မိန်းကလေး အဖော်တွေနဲ့ ခြူ၊ ခေါင်းလောင်းတီးပြီး သတို့သားအိမ်ကို သွားရတယ်။ သတို့သားအိမ်ကို နှစ်ပတ်လှည့်ပြီး သတို့သားကိုယ်ပိုင်ပြုလုပ်ထားတဲ့ လှေခါးကနေ အိမ်ပေါ်တက်ရတယ်။
ဒုတိယရက်မှာ သတို့သားဟာ ဖခင် ဒါမှမဟုတ် ယောကျားလေးအဖော်တွေနဲ့ ခြူ၊ သတို့သမီးကိုယ်တိုင်ပြုလုပ်ထားတဲ့ လှေကားကနေ အိမ်ပေါ်တက်ရတယ်။ အများဆုံး ကျွေးမွေးဧည့်ခံတာကတော့ ပဒေါင်ရိုးရာ ဆန်ပြုတ်ဖြစ်ပါတယ်။
တတိယရက်မှာ မင်္ဂလာပွဲကျင်းပတယ်။ မင်္ဂလာပွဲ ကျင်းပမယ့် စင်မြင့်ပေါ်မှာ နှစ်ဖက်မိဘနဲ့ သတို့သား သတို့သမီးတို့ နေရာယူပြီး ကျေးရွာအကြီးအကဲက မင်္ဂလာပွဲရောက်သူတွေအားလုံး ခေါင်ရည်သောက်ကြပါတယ်။
ကယန်းမျိုးနွယယ်စုသမိုင်း စာအုပ်ထဲမှာတော့ မင်္ဂလာပွဲကျင်းပတဲ့နေ့မှာ ရိုးရာဓလေ့အရ ဝက်တစ်ကောင်ကို သတ်ပြီး ဝက်အသည်းကို ကြည့်ရကြောင်း၊ ဝက်အသည်းမကောင်းပါက ဇနီးမောင်နှံ စီးပွားမဖြစ်၊ သားသမီး မထွန်းကားဘူးလို့ အဓိပ္ပါယ်ကောက်ယူပြီး မင်္ဂလာပွဲကို ဖျက်သိမ်းကြလေ့ရှိကြောင်း ရေးသားထားပါတယ်။ ဒီဓလေ့က တော့ အခုလက်ရှိ ကယန်းလူမျိုးတွေ သိပ်မလုပ်တော့လို့လား မသိပါဘူး။ စာရေးသူကို ပြောပြတဲ့အထဲမှာတော့ အဲဒီအကြောင်း မပါခဲ့ဘူး။
စာရေးသူ ရောက်ရှိသွားတဲ့ ကယန်းလူမျိုးတွေ နေထိုင်တဲ့ ပန်ပက်ကျေးရွာဟာ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ရှိပြီး လွိုင်ကော်မြို့နဲ့ ၁၈ မိုင်ခန့် ဝေးပါတယ်။ ကားနဲ့တစ်နာရီခန့် မောင်းရင် ရောက်ပါတယ်။ လမ်းတစ်လျှောက် ငွေတောင်ဆည်နဲ့အတူ လှပတဲ့ ရှုခင်းတွေကို ဖြတ်သန်းပြီး တောင်တန်းပေါ်ကို တက်သွားရတာပါ။ မသိရင် ချင်းတောင်တန်းတွေ၊ ရှမ်းရိုးမ တောင်တန်းတွေ ရောက်နေသလို ခံစားရပါတယ်။
ပန်ပက်ကျေးရွာထဲ ဝင်လိုက်တာနဲ့ ကယန်းတိုင်းရင်းသားတွေရဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်လေးတွေနဲ့ ချည်ငင်နေတဲ့၊ အဝတ်ရက်လုပ်နေတဲ့ ကယန်းတိုင်းရင်းသူလေးတွေက အပြုံးလှလှလေးတွေနဲ့ ဆီးကြိုနေတာတွေ့ရပါတယ်။
ငယ်ရွယ်လှပတဲ့ ကယန်းတိုင်းရင်းသူလေးတွေဟာ သိပ်မကြာခင်ကမှ ထိုင်းနိုင်ငံကနေ ပြန်ရောက်လာတာလို့ သိရပါတယ်။ မှတ်မှတ်ရရ အဲဒီကယန်းတိုင်းရင်းသူလေးရဲ့နာမည်က ပေါ်လီနာတဲ့။ အပြုံးချိုချို လေးနဲ့ ချစ်စရာကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့လည်ပင်းနဲ့ ခြေထောက်ကြေးကွင်းတွေ အပါအဝင်ရိုးရာ ဝတ်စုံ အပြည့်အစုံကို ဂုဏ်ယူစွာ ဝတ်ဆင်ထားတာ တွေ့ရတယ်။ သူနဲ့ စာရေးသူတို့ အမှတ်တရဓာတ်ပုံရိုက်ဖြစ်တယ်။ သူဟာဗမာစကားကိုလည်း ကောင်းကောင်းပြောတတ်တော့ စာရေးသူတို့နဲ့ အဖွဲ့ကျသွားတော့တယ်။
အဲဒီရွာလေးဟာ အမှတ်တမဲ့ကြည့်ရင်တော့ ပုံစံတူအိမ်ကလေးတွေနဲ့ နေချင်စရာကောင်းလှတယ်။ တိမ်တွေရဲ့ အလှအပ၊ တောတောင်တွေရဲ့ အလှအပကို အနီးကပ်မြင်ခွင့်ရတယ်။ အေးမြတဲ့ရာသီဥတုကို အပြည့်အဝ ခံစားရတယ်။ ဒါပေမဲ့ သူတို့တွေ စားဝတ်နေရေး ခက်ခဲနေကြတယ်။ အစားအစာနဲ့ ရေရှားပါးမှု တွေရှိနေတယ်။
တောင်ယာလုပ်၊ အမဲလိုက် အလုပ်တွေပဲလုပ်တတ်တဲ့သူတို့အတွက် ငွေကြေးကလည်းဘယ် လိုလုပ်ပြည့်စုံမှာလဲ။ အဲဒီအခြေအနေမှာသူတို့ရဲ့ဓလေ့စရိုက်၊ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာချင်တဲ့သူတွေ ရောက်လာတယ်။ အဲဒီလူတွေဆီက ငွေကြေးအထိုက်အလျောက်ရတယ်။ သူတို့ပျော်ရွှင်ကြတယ်။ သူတို့ရဲ့ ဓလေ့စရိုက်၊ ရိုးရာယဉ်ကျေး မှုတွေကို ပိုမိုဖော်ထုတ်လိုကြတယ်။
ဒါပေမဲ့ သူတို့ရဲ့မျိုးဆက်တွေက ကြေးကွင်း တွေကို မဝတ်ချင်ကြတော့။ ရိုးရာဝတ်စုံကို မဝတ်ချင်ကြတော့။ ယက်ကန်းရက်လုပ်တာကိုလည်း မလုပ်လိုကြတော့။ အဲဒီအတွက် တောင်တန်းပေါ်က သက်ရှိအမွေအနှစ်တွေဟာ အနာဂတ်မှာ ပျောက်ကွယ်သွားမလားစိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာအပါအဝင် အဖွဲ့အစည်းတွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေ တိုင်ပင်ဆွေးနွေးပြီး ဒီသက်ရှိအမွေအနှစ်တွေ မပျောက်ပျက်အောင်၊ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်သင့်တယ်။
နောက်ပြီး အဲဒီဓလေ့စရိုက်၊ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်တာကြောင့် နိုင်ငံခြား ငွေရရှိတယ်ဆိုတာကို အနာဂတ်မျိုးဆက်တွေ လက်ခံလာပြီး ကိုယ့်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းချင်စိတ်ရှိလာအောင် ဆောင်ရွက်ပေးသင့်တယ်။ ဒါတင်မကသေးဘူး၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ပြည်ပခရီးသွားဧည့်သည်တွေ ဒီထက်မက စိတ်ဝင်စားလာအောင်လည်း နည်းလမ်း အမျိုးမျိုးနဲ့ ဖော်ထုတ်ဆောင်ရွက်ပေးဖို့ လိုသလိုတိုင်ရင်းသားတွေအတွက် ဝင်ငွေ ခိုင်မာမှန်ကန်အောင်လည်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှသာ တောင်တန်းပေါ်က ကမ္ဘာကျော် သက်ရှိအမွေအနှစ်တွေ ရေရှည်တည်တံ့နေမှာ ဖြစ်ပါတယ်။
ရေးသားသူ-ရွှေလက်
ဓါတ်ပုံ-လူမှုကွန်ရက်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay