ပေါက်ခေါင်းရွာတွေကို စစ်တပ်လေကြောင်းကနေ ဗုံးကြဲ ၅ ဦးသေဆုံးပြီး ဘုရားကျောင်း ၁ ကျောင်းပျက်စီး

ဩဂုတ် ၁၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမပေါ်က ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရက်ဆက်ပြုလုပ်နေလို့ ဒေသတွင်းပြည်သူတွေ သေဆုံးခဲ့ရပါတယ်။

ဩဂုတ်လ ၁၅ ရက် ည ၉ နာရီခန့်က စက်တပ်လေထီး(၂) စီးနဲ့ ဗုံး(၄) လုံးကြဲချခဲ့လို့ ပေါက်ခေါင်းမြို့နယ်၊ ကြိမ်ချောင်းကျေးရွာက ဒါလဖော်သားအဖ(၂) ဦး၊ ဦးမောင်ဗျိုင်း၊ ၁၃ နှစ်အရွယ်မိန်းကလေး (၁) ဦး နဲ့ အမည်မသိ(၁) ဦး တို့ သေဆုံးခဲ့ရတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

“အဲဒီနေ့မနက်က တိုက်ပွဲဖြစ်တယ်။ ပေါက်ခေါင်းနဲ့ အုတ်တွင်းနယ်ခြားအစပ် အဝေးပြေးလမ်းက ဘော်ဒါစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တယ်။ အဲဒါနဲ့ စစ်–တွေက ဘော်ဒါနားက ကြိမ်ချောင်းနဲ့ ဂျင်းစိမ်းကို လေကြောင်းကနေ ပြည်သူတွေကိုမဲပြီး ဗုံးကြဲနေတာ” လို့ ဒေသတွင်းအမျိုးသားတဦး က ဒို့ပြည် ကိုပြောပါတယ်။

ဗုံးကြဲခံရလို့ မခုတ်သားအမိ(၂) ဦး၊ မခင်ဝင်း သားအမိ(၂) ဦး၊ ဦးကိုရိုး၊ နော်ယုယု နဲ့ ၁၁ နှစ်သားအရွယ်ကလေး (၁) ဦးတို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယမန်နေ့ ဩဂုတ်လ ၁၆ ရက်ညနေ ၆ နာရီကျော်ခန့် ကလည်း ဂျင်းစိမ်းဘုရားကျောင်းကို ဂျိုင်ရိုကော်ပရာ နဲ့ လေကြောင်းကနေ ဗုံး(၂) လုံး ကြဲချခဲ့တဲ့အတွက် ဘုရားကျောင်းပျက်စီး ခဲ့ရပါတယ်။

“ဘော်ဒါရွာက ပြည်သူတွေကိုလည်း စစ်တပ်ကရှောင်ခိုင်းနေတယ်။ မြေပြင်ကနေ စစ်ကြောင်းထိုးနေတာလည်း ရှိတယ်။ ရွာတွေကိုလည်း မီးရှို့နေတယ်” လို့ ဒေသနေပြည်သူတဦးက ဒို့ပြည် ကိုပြောပါတယ်။

ယနေ့ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီကတော့ ဘော်ဒါကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့နေကြတယ်လို့ ဆိုပါတယ်။

ပေါက်ခေါင်းမြို့နယ် ရိုးမပေါ်က ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်မျိုးဆွေဝင်း ဟာ ပေါက်ခေါင်းနဲ့ ၂၄ မိုင်ခန့်သာကွာဝေးတဲ့ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာမှာ စာကြည့်တိုက်ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these