ပေါက်ခေါင်း၊ ဘော်ဒါစခန်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား(၅) ဦးသေဆုံး၊ (၃) ဦးအရှင်ဖမ်းမိထား

🟥 လက်နက်နဲ့ စစ်အသုံးဆောင်တွေ သိမ်းဆည်းရမိ
 
ဩဂုတ် ၁၈၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမအဝေးပြေးလမ်းဘေးက စစ်ကောင်စီရဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်က ပေါက်ခေါင်းနဲ့ အုတ်တွင်းမြို့နယ်ခြား အဝေးပြေးကားလမ်း အစပ်မှာ စစ်ကောင်စီအင်အား (၄၂) ဦးနဲ့ အထိုင်ချတပ်စွဲစစ်ဆေးနေတဲ့ ဘော်ဒါရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်သား(၅) ဦးသေဆုံး၊ (၃) ဦးအရှင်ဖမ်းဆီးမိကာ (၃) ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
 
“ဒီစခန်းကိုတိုက်ခိုက်ရတာက ဒီစခန်းက ခရီးသွားပြည်သူတွေကို ဖမ်းတယ်၊ စီးတယ်၊ မထင်ရင်မထင်သလို ပိုက်ဆံတောင်းတယ်။ စစ်မှုထမ်းအရွယ်ရောက်ကလေးတွေကို ပေါ်တာဆွဲတယ်။ ပြီးခဲ့တဲ့လကကလည်း တောင်ယာဆင်းလုပ်နေတဲ့ ပြည်သူနေအိမ်တွေကို မီးရှို့တယ် ဒါကြောင့် ဒီမစ်ရှစ်ကိုဖော်ဆောင်ရတာဖြစ်တယ်” လို့ ပြည်ခရိုင်အမှတ်(၂) ၃၆၀၂တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော် Red Star က ဒို့ပြည်ကို ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကနေ စစ်ကောင်စီရဲ့ MA3(၂)လက်၊ MA11(၁)လက်၊ အူစီ(၁)လက်၊ ပစ္စတို(၁)လက်၊ ကျည်မျိုးစုံ(၂၇၆)တောင့်၊ ရှေထွက်မိုင်း(၁)လုံး၊ ကျည်ဘောက်(၁၃)ဘောက်၊ စကားပြောစက် (၁)လုံး၊ mobileဖုန်း(၄)လုံး၊ဆက်သွယ်ရေးအထိုင်စက်(၁)လုံး တို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ပြည်ခရိုင်အမှတ်(၁) ၃၆၀၁တပ်ရင်း ဆီက သိရပါတယ်။
 
“စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေများလာတဲ့အတွက် လေကြောင်းအန္တရာယ်ကိုပဲ ပြသထားတဲ့အတိုင်း နေထိုင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကို သတိထားနေကြပါ။” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow က ဒို့ပြည် ကိုပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲအတွင်းအထိနာသွားတဲ့အတွက် အနီးဝန်းကျင်မှာရှိတဲ့ ကြိမ်ချောင်းရွာကို ဩဂုတ်လ ၁၅ ရက်နေ့ ည ၉ နာရီမှာ စက်တပ်လေထီး(၂) စီးနဲ့ ဗုံး(၄) လုံးကြဲခဲ့တဲ့အတွက် ပြည်သူ(၆) ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်ခရိုင်အမှတ်(၂) ၃၆၀၂တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော် Red Star က ပြောပါတယ်။
 
ဒါ့အပြင် ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်ကလည်း ဂျင်းစိမ်းရွာက ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပရာ နဲ့ ဗုံး(၂) လုံးကြဲခဲ့တဲ့အတွက် ဘုရားကျောင်းပျက်စီးခဲ့ရပါတယ်။
 
“စစ်ကောင်စီက အထိနာလို့ ရှုံးမဲမဲနေတယ်။ ကျနော်တို့ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်လို့ စစ်ကောင်စီတပ်ကို ဦးတည်တိုက်တယ်။ ပြည်သူကိုဦးတည်တိုက်ခိုက်တာမရှိဘူး။ စစ်ကောင်စီကတော့ရှုံးရင် ပြည်သူကိုမဲတယ်။ ပြည်သူတွေ လေကြောင်းနဲ့ မြေပြင်ကစစ်ကြောင်းတွေကိုလည်း သတိထားပြီး ပြည်သူအချင်းချင်း သတင်းပေးကြပါ” လို့ ရဲဘော် Red Star က ပြောပါတယ်။
 
တိုက်ခိုက်မှုကိုတော့ ဗျူဟာ(၂၁)ကွပ်ကဲမှု့အောက်ရှိ ပြည်ခရိုင်အမှတ်(၁) ၃၆၀၁တပ်ရင်း၊ ပြည်ခရိုင်အမှတ်(၂) ၃၆၀၂တပ်ရင်း နဲ့ တောင်ငူခရိုင်အမှတ်(၁) ၃၅၀၁ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these