

ဩဂုတ် ၁၉၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲမှာ စစ်မှုထမ်းတပ်သားသစ်စုဆောင်း ဖမ်းဆီးပေါ်တာဆွဲနေတာတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းနဲ့ အခြေခံလူတန်းစားတွေ စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ဖို့ ခက်ခဲနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းတပ်သားသစ်စုဆောင်းရာမှာ မြို့အစွန်အပြင် ကျေးရွာချင်းဆက်လမ်း၊ ဆည်ဘောင်၊ တာရိုးပါမကျန် ပေါ်တာဆွဲနေတာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပင် သစ်ချီတင်ရွာ၊ ဇီးအုပ်ကျေးရွာ၊ သဘွတ်ထောင် ရွာတို့မှာ အမျိုးသားတွေ ညအချိန် ဖမ်းဆီးခံရမှုတွေရှိနေတာပါ။
“စစ်–တွေကညဆို ကားတွေဆိုင်ကယ်တွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေ ကိုလာတယ် လမ်းမှာတွေ့တဲ့ သူတွေကို စစ်မှုထမ်းဖမ်းတယ်။ တောင်သူတွေက ညပိုင်းမှာ လယ်ထဲကို အောင်ရေအနေနဲ့ ရေလှောင်ရတော့ မိုးရွာရင် ရေဖောက်၊ ရေပိတ်လုပ်ရတယ်။ ညပိုင်း လယ်ထဲမှာစောင့်ရတယ်။ ညပိုင်းအမျိုးသားတွေသွားတာမှာ ဖမ်းကြတော့ မသွားရဲကြတော့ဘူး” လို့ ပြည်မြို့နယ်ကျေးရွာဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
ဒါ့အပြင် တာရိုး၊ ချောင်းမြောင်းတွေမှာ ငါးရှာ၊ ဖားရှာ ရောင်းစားကြတဲ့ အခြေခံလူတန်းစားတွေကိုလည်း ဖမ်းဆီးတယ်လို့ ဆိုပါတယ်။
“နတ္တလင်း၊ ထန်းပေါက်ကို နေ့တိုင်းလာနေတယ်။ ဖားရှာငါးရှာအသက်မွေးတဲ့သူတွေက မထွက်ရဲတော့ စားဝတ်နေရေးခက်ခဲနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဩဂုတ်လအတွင်း ပြည်မြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ် ဖမ်းဆီးမှုတွေ ဆိုးဝါးစွာ ဖြစ်ပေါ်နေပြီး နေအိမ်လိုင်းခန်းတွေအထိ ညအချိန် တက်ဆွဲတာ၊ လမ်းတွေမှာ အယောင်ဆောင်ဖမ်းဆီးတာ တွေများနေလို့ ဖမ်းဆီးခံရသူ နေ့စဉ်ရက်ဆက်ရှိနေပါတယ်။
ပုံစာ-ပြည်မြို့ဗိုလ်ချုပ်လမ်း မြို့တော်ခန်းမရှေ့မှာစစ်ဆေးနေကြစဉ်(ပုံဟောင်း)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay