ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမမှာ ရှိတဲ့ တောင်လည်တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က အပြီးပိတ်သိမ်းလိုက်တယ်လို့ ဒေသတွင်းပြည်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ပေါက်ခေါင်းမြို့နယ်ကျန်းမာရေးမှာ အစည်းအဝေးပြုလုပ်ကာ ပဲခူးရိုးမထဲမှာရှိတဲ့ ကျေးလက်ဆေးပေးခန်း၊ ဆေးရုံတွေကို ပိတ်ဖို့ ညွှန်ကြားပြီးနောက် တောင်လည်တိုက်နယ်ဆေးရုံကို ဩဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။
“အရင်ဆုံးလူနာတွေကိုပြန်လွှတ်တယ်၊ နောက်ရက်တွေကျတော့ ဆရာ၊ ဆရာမတွေလည်းမရှိတော့ဘူး။ ဆေးပစ္စည်းတွေကိုလည်း ပေါက်ခေါင်းဆေးရုံက ယူသွားတယ်။” လို့ ဒေသခံအမျိုးသားတဦး က ဒို့ပြည် ကိုပြောပါတယ်။
တောင်လည်တိုက်နယ်ဆေးရုံဟာ ပဲခူးရိုးမထဲက ကျေးရွာ ၂၀ ခန့်က ကျန်းမာရေးအတွက် အားကိုးနေရတဲ့ ဆေးရုံဖြစ်ပြီး လက်ရှိမှာတော့ ဒေသတွင်းပြည်သူလူထုတွေ ဆေးကုသဖို့ ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
“အဲဒီတောင်လည်ကဆရာဝန်နဲ့ဆရာမတွေက အရမ်းကောင်းတယ်။ တော်ကြတယ် ပေါက်ခေါင်းက မြို့ဆေးရုံဖြစ်ပြီးလူမရှိတာဘာကြောင့်လဲသိလား လူနာကိုဆဲဆို ပိုက်ဆံညှစ်တာဘဲသိတယ်။ ဘယ်လိုပျောက်အောင်ကုပေးရမလဲ မသိကြဘူး
တောင်လည်က ပေါက်ခေါင်းမြို့ထဲက လူတွေတောင်သွားကုတယ်။ ကောင်းလွန်းလို့ အဲဒါကြောင့်မနာလိုတွေ ဖြစ်ကြမှာပေါ့ ပေါက်ခေါင်းမှာ ဆရာဝန်တွေဆရာမတွေ တော်တဲ့တတ်တဲ့ဆရာဝန်တွေ စေတနာအပြည့်နဲ့ကုပေးတဲ့ ဆရာတွေချပေးပါလား” လို့ ဒေသခံတဦးကလည်း မှတ်ချက်ပြုပြောဆိုပါတယ်။
PDF မိသားစုတွေက တောင်လည်ဆေးရုံမှာဆေးကုသမှုခံယူနေကြောင်း ပေါက်ခေါင်းမြို့ ဆေးရုံအုပ်က တိုင်ကြားခဲ့တဲ့အတွက် ကျန်းမာရေးဌာနက အစည်းအဝေးထိုင် ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
တောင်လည်ဆေးရုံပိတ်သိမ်းပြီးနောက် ဩဂုတ်လ ၇ ရက်နေ့ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြဲတမ်းတပ်စွဲထားတဲ့ ရိပ်သာ(၂) ဆောင်ဟာ မီးလောင်ပြာကျသွားပြီး ဘယ်သူတွေက မီးရှို့သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသတွင်းက သိရပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး ၁၇ ရက်နေ့အထိ ရိုးမထဲကရွာတွေကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် သေဆုံးပြည်သူ ၆ ဦးရှိပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိနေပြီဖြစ်ကာ ဒေသတွင်းမှာလည်း စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတယ်လို့ သိရပါတယ်။
ပုံစာ-တောင်လည်တိုက်နယ်ဆေးရုံဝန်း(ပုံဟောင်း)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay