ပေါက်ခေါင်းမြို့နယ်ထဲကို စစ်တပ်က လေကြောင်းကနေထပ်မံ ဗုံးကြဲ သားအဖ(၂) ဦးသေဆုံးပြီး (၅) ရက်အတွင်း သေဆုံးသူ (၈) ဦးထိမြင့်တက်လာ

ဒဏ်ရာရသူတွေအတွက် ကုသဖို့ ဆေးဝါး အရေးပေါ်လိုအပ်နေ

ဩဂုတ် ၂၀၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမထဲကိုစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ ဒေသခံပြည်သူ(၂) ဦး ဗုံးထိမှန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့ ဩဂုတ်လ ၁၉ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က ပေါက်ခေါင်းမြို့နယ်၊ ကျေးရွာတွေကို စစ်ကောင်စီတပ်က စက်တပ်လေထီး(၄) စီးနဲ့ ဗုံး(၁၂ ) လုံးကြဲချတိုက်ခိုက်ခဲ့တာမှာ ကျောက်ပြင်သာရွာမှ ဦးသိန်းဇော်(၃၈) နှစ် နဲ့ မောင်သက်ပိုင်ဇော်(၁၀) နှစ်အရွယ် သားဖ (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရ(၁ဦး ပြင်းထန်) ခဲ့တယ်လို့ သိရပါတယ်။

“စက်တပ်လေထီးတွေက နေ့ခင်းကြီးကို နှစ်ခေါက်လာတာ။ အသံတွေလည်းဆူညံနေတာပဲ။ ပြေးတဲ့သူတွေလည်း ပြေးကြ။ ပြီးခဲ့တဲ့ညတွေကလည်း ဗုံကြဲတာပဲ။ ညတွင်းချင်းကို ဘုန်းကြီးကျောင်းတွေ တောတွေထဲကို ပြေးကြရတယ်” လို့ ဒေသခံပြည်သူတဦး က ဒို့ပြည် ကိုပြောပါတယ်။

ဒါ့အပြင် ယမန်နေ့က ဗုံးကြဲမှုမှာ ဖလန်ပင်ကျေးရွာက နေအိမ်တချို့ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ သားအဖ(၂) ဦးကိုတော့ နေ့ချင်းပြီး သဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

“အဓိကကတော့ အခုချိန်မှာ ဆေးဝါးပေါ့နော်။ ဒဏ်ရာသူတွေကိုကုသဖို့ အရေးပေါ်လိုအပ်နေပါတယ်။ ဆေးရုံဆေးခန်းတွေကိုလည်း စစ်–ကပိတ်ခိုင်းထားတယ်။ လမ်းတွေကိုလည်း ဖျက်ထားတယ်။ ဆက်ပြီးဗုံးကြဲမှုတွေလုပ်နေအုံးမယ်ဆိုရင် ဆေးဝါးလိုအပ်ချက်က အရေးတကြီးကို ထပ်ဖြစ်လာနိုင်တယ်” လို့ ဒေသတွင်းကူညီကယ်ဆယ်နေသူတဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ကြိမ်ချောင်းကျေးရွာကို စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ(၆) ဦးသေဆုံးပြီး (၁၅) ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့သလို ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ ဂျင်းစိမ်းကျေးရွာကို ဂျိုင်ရိုကော်ပရာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားကျောင်း(၁) ကျောင်းပျက်စီးခဲ့ပါသေးတယ်။

ဒေသတွင်းမှာ ကျန်းမာရေးအတွက် အားကိုးအားထားပြုနေရတဲ့ တောင်လည်တိုက်နယ်ဆေးရုံးကိုလည်း စစ်ကောင်စီက ယခုလဆန်းပိုင်းကတည်းက အပြီးပိတ်သိမ်းပြီး ဆေးဝါးနဲ့ ကုသရေးပစ္စည်း၊ ဆရာဝန်၊ ဆရာမတွေကို ပြောင်းရွေ့သွားပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these