🟥 ကလေးသူငယ်တွေအပါ ၈၆ ဦးအထိ သေဆုံး
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင် စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီး၊ အဓမ္မစစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာ၊ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်တဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ပြောဆိုပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်းမှာ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရခိုင်ပြည်နယ်တို့အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက််မှု ၅၁ ခုကျူးလွန်ခဲ့ပြီး ကလေးသူငယ်၊ သံဃာတော်၊ ကိုရင်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို စုစုပေါင်း ၈၆ ဦး သေဆုံးခဲ့ကာ ၁၆၇ ဦး ထိခိုက်ဒဏ်ရာရ သွားခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မှာပြုလုပ်တဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် – ၁၅/၂၀၂၅” မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က အခုလို ပြောဆိုခဲ့တာပါ။
“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ဖို့အတွက် ဖွဲ့စည်းပုံပြောင်းလဲပြီး ဆတိုးကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်စောင့်ကြည့်မှတ်တမ်းတင်သွားမှာဖြစ်ပြီး ကျူးလွန်ခံရသူတွေအတွက် တရာမျှတမှုပြန်လည်ရယူနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်သွားမှာလို့ ပြောကြားလိုတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃၁၉၁ ခုရှိခဲ့ပြီး သေဆုံးသူ ၃၄၀၅ ဦး ရှိခဲ့ကာ ၁၈ နှစ်အောက် ကလေးငယ် ၅၀၁ ဦးပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂၇၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၀၆ ခု၊ ဘာသာရေးအဆောက်အအုံ ၄၈၃ ခု ပျက်စီးခဲ့ရတယ်လို့ NUG ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay