ညောင်ခြေထောက်ရွာမှာ ပြည်သူ့စစ်ပြန်ဖွဲ့ ပျူခေါင်းဆောင်သန်းစိုးနဲ့ စစ်တပ်လက်ပါးစေ လုပ်ငန်းရှင်တွေကို အမာခံပြန်သုံ

🟥 ရွာခံလူငယ်တွေကို PDF ဆိုပြီး ပစ်သတ်ခဲ့သူတွေ လူလုံးထွက်ပြလာ
 
ဩဂုတ် ၂၂၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ပြည်သူ့စစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး စစ်တပ်လက်ကိုင်တုတ် စီးပွားရေးသမား နဲ့ ပျူခေါင်းဆောင်ဟောင်းတွေ ပါဝင်လာတယ်လို့ ဒေသတွင်းက သိရပါတယ်။
 
ယခုရက်ပိုင်းအတွင်းမှာပဲ ညောင်ခြေထောက်ပြည်သူ့စစ်ကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်တပ်ဒေါက်တိုင် သစ်သမားမြင့်ဦး(ကွယ်လွန်) ရဲ့ လက်ရုံးတပည့်တွေဖြစ်တဲ့ မုဆိုးသန်းစိုး(ကြံ့ခိုင်ရေးပါတီစည်းမှူး ပျူစောထီးခေါင်းဆောင်ဟောင်း) နဲ့ စစ်တပ်ဒေါက်တိုင် ထင်းလုပ်ငန်းရှင် သိန်းဇော်ဦး တို့က ပြန်လည်ဦးဆောင် တယ်လို့ သိရပါတယ်။
 
“မုဆိုးသန်းစိုးကဦးမြင့်ဦးရဲ့တပည့်ရင်း ကြံ့ဖွတ်စည်းမှူး ပျူဖွဲ့တော့ အစကတည်းကခေါင်းဆောင် ဦးမြင့်ဦးမရှိတော့သူ့သား ဦးဆောင်ချိန်နေရာမရလို့ နောက်ဆုတ်နေတာခုနေရာမှန် ပြန်ရောက်တာပေါ့။ တံတားအောက်ကပစ်ခတ်မှုမှာ သူခေါင်းဆောင်လေ သူပစ်လို့ထိတယ်ဆိုပြီး အများကပြောကြတာပဲ” လို့ ဒေသခံတဦး က ပြောပါတယ်။
 
မုဆိုးသန်းစိုးဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့ညက ညောင်ခြေထောက်ကျေးရွာ တံတားအောက်ချောင်းထဲမှာ သံတိုသံစကောက်နေတဲ့ ညီအကို(၂) ဦးကို PDF တွေဆိုပြီး ပစ်ခတ်ခဲ့တဲ့ ပျူအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး သူပစ်ခတ်ခဲ့တဲ့အတွက် လူငယ်(၂) ဦးထဲက ညီဖြစ်သူ သေဆုံးခဲ့ရကာ နစ်နာခဲ့ရသူ မိသားစုကိုလည်း စစ်တပ်နဲ့ပေါင်းပြီး ခြိမ်းခြောက် အမှုကို ပိတ်သိမ်းခိုင်းခဲ့ သူဖြစ်တယ်လို့ သိရပါတယ်။
 
အလားတူ ထင်းလုပ်ငန်းရှင် သိန်းဇော်ဦး ဟာလည်း စစ်တပ်ဒေါက်တိုင်အကြီးစားဖြစ်ပြီး မူးယစ်ဆေးဝါး သိန်း(၉) သောင်းကျော် အမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဥသျှစ်ပင်၊ လဲရွာဂိတ်က ဗိုလ်ကြီးစိုးမင်းထွန်း ရဲ့ အားကိုးရသူတဦးလည်း ဖြစ်ပါတယ်။
 
“သိန်းဇော်ဦးက ထင်းလုပ်ငန်းရှင် စကစအကြီးပိုင်းတွေနဲ့ပုလဲနံသင့်တယ်။ အခုရွာကပျောက်သွားတဲ့ ကလေးတွေကို အဓိကစုံစမ်းနေရတာသူပဲ လူရှေ့မှာတော့ သူကစီးပွားရေးသမားလိုလိုနဲ့ စကစသတင်းပေးပေါ့ အကျိုးစီးပွားအတွက် စိုးမင်းထွန်း အားကိုးရတဲ့ သူတယောက်ဆိုလဲဟုတ်တယ်။” လို့ ဒေသခံတဦး က ပြောပါတယ်။
 
လက်ရှိအချိန်မှာတော့ ပြည်သူ့စစ်ခေါင်းဆောင် သူတို့ (၂) ဦးဟာ လက်နက်ကိုင်ထားပြီး ရွာကိုခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ညောင်ခြေထောက်ရွာက PDF လို့ စွပ်စွဲထားသူတဦး ရဲ့ နေအိမ်ကိုလည်း ဝိုင်းခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
 
ရခိုင်ရိုးမတိုက်ပွဲတွေကြောင့် ညောင်ခြေထောက်ဒေသခံအများအပြားဟာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်းကတည်းက စစ်ရှောင်သွားကြတာဖြစ်ပြီး အချို့ကတော့ ရွာမှာပြန်နေကြပြီဖြစ်ပေမဲ့ အချို့ကတော့ စစ်တပ်နဲ့ဝေးရာနေရာတွေနဲ့ အခြား မြို့ရွာတွေကို ပြောင်းရွေ့နေထိုင်ကြဆဲ ဖြစ်ပါတယ်။
 
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these