“ရိုးမတောကြီးထဲက ၀ါးပင်တွေကို သတိရကြပါ”

(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်းပါး)

ဩဂုတ် ၂၃၊ ၂၀၂၅။

ရွှေလက်တို့နိုင်ငံမှာ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံရဲ့လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေရသလို သဘာဝသယံဇာတတွေလည်း ထိန်းသိမ်းသူမဲ့ဖြစ်နေရပါတယ်။ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့နေနေသာ ပြည်သူတွေဟာ ကျီးလန့်စာစားရင်း အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အနေအထားပါပဲ။

အမှန်တရားကို ချစ်တဲ့သူတွေဟာ မတရားမှုကို တတ်နိုင်တဲ့နည်းနဲ့ တွန်းလှန်ရင်း အသက်ရှင်သန်ဖို့ မနည်းကြိုးစားနေကြရပါတယ်။ ရွှေလက်လည်း တောရောက် တောင်ရောက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဝေးကွာနေတာ ကြာလှပါပြီ။

အခုလည်း မြစ်ဝကျွန်းပေါ်ဒေသက ရွာလေးတစ်ရွာကို ရောက်နေပါတယ်။ ဒီနေ့တော့ ခြေခင်းလက်ခင်းလေးသာလို့ သဘာဝပတ်ဝန်းကျင်အကြောင်းကို တွေးရင်း ရွာအပြင်ဘက်ကို လမ်းလျှောက်ထွက်လာမိပါတယ်။ ရွာအပြင်ရောက်တော့ ကုက္ကိုလ်ပင်ကြီးအောက်မှာ ခဏ ထိုင်၊ အဝေးကို မျှော်ကြည့်လိုက်မိတယ်။

လေပြည် တသော့သော့မှာ ကျော့ကျော့မော့မော့ ယိမ်းနွဲ့နေတဲ့ ကျောက်စိမ်းရောင် ဝါးပင်ကလေးတွေကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ စည်းဝါးတကျ လေချွန်သံကိုလည်း ကြားနေရတယ်။ လွမ်းစရာ ကောင်းလွန်းလှချည်ရဲ့။ ကျွန်တော်လည်း တောတွေး တောင်တွေး၊ ဟိုကြည့် ဒီကြည့်နဲ့ လုပ်ရင်း မှတ်ဉာဏ်ထဲမှာ ကဗျာစာသားလေးတွေ တဖျက်ဖျက် လွန့်လူးလာတယ်။

“လူတွေဟာ
ရှမ်းခေါက်ဆွဲတွေ မြီးရှည်တွေ
ကြာဇံကြော်တွေ ကြေးအိုးတွေကို စားရင်း
ရိုးမတောကြီးထဲက ၀ါးပင်တွေကို
သတိရကြပါ့မလား။
လူတွေဟာ
ဆာတေးတွေ ဆိတ်သားကင်တွေ
ကြက်ကင်တွေ ကိုရီးယားကင်တွေကို စားရင်း ရိုးမတောကြီးထဲက
၀ါးပင်တွေကို သတိရကြပါ့မလား။
လူတွေဟာ
အမဲအူ တုတ်ထိုးတွေ ဆိတ်အူ တုတ်ထိုးတွေ ဝက်သားတုတ်ထိုးတွေကို စားရင်း
ရိုးမတောကြီးထဲက ၀ါးပင်တွေကို
သတိရကြပါ့မလား။
လူတွေဟာ
သွားကြားထိုးနေရင်း
ရိုးမတောကြီးထဲက ၀ါးပင်တွေကို
သတိရကြပါ့မလား။
အတွေးတွေကို ဆန့်မထုတ်နိုင်သေးသ၍ ကျွန်ုပ်တို့ ညံ့ခဲ့ကြတာ သေချာတယ်။ ။”

ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာ လှသန်းရဲ့ “ဝန်ခံခြင်း” ဆိုတဲ့ကဗျာပါ။ ကျွန်တော်တို့ ညံ့ခဲ့ကြပြီးပြီ။ ဆက်ပြီး မညံ့ကြဖို့ လိုပါလိမ့်မယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ၀ါးပင်တွေကို ထိန်းသိမ်းရေး၊ ပြန်လည်ပြုစု ပျိုးထောင်ရေးကို တတ်နိုင်သလောက် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဘာကြောင့် လိုအပ်တာလဲဆိုရင်….

၂၀၁၀ ပြည့်နှစ် ကမ္ဘာ့သစ်တောဖုံးလွှမ်းမှုမှာ ဟက်တာသန်းပေါင်း ၄၀၃၃ သန်းခန့်ရှိပြီး ၀ါးတောက ဟက်တာသန်းပေါင်း ၄၀ ခန့် ပါဝင်တယ်။ ကမ္ဘာပေါ်မှာ ၀ါးမျိုးစု ၈၈ စုရှိပြီး ၀ါးမျိုးစိတ်ပေါင်း ၁၄၀၀ ခန့်ရှိတယ်။ ၀ါးမျိုးစိတ်ပေါများတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ ဖြစ်တယ်။ တရုတ်နိုင်ငံမှာ မျိုးစိတ် ၅၃၄ စိတ်၊ ဂျပန်နိုင်ငံမှာ မျိုးစိတ် ၂၃၀၊ အိန္ဒိယနိုင်ငံမှာ မျိုးစိတ် ၁၃ဝနဲ့ မြန်မာနိုင်ငံမှာ မျိုးစိတ် ၁၀၀ ရှိ တယ်။ ၀ါးတောဖုံးလွှမ်းမှုကိုကြည့်ရင်လည်း အိန္ဒိယနိုင်ငံမှာ ၂၃ ဒသမ ၆ သန်း၊ တရုတ်နိုင်ငံမှာ ၁၃ ဒသမ ၃ သန်း၊ မြန်မာနိုင်ငံမှာ ၅ ဒသမ ၄ သန်း၊ ဂျပန်နိုင်ငံမှာ ၃ ဒသမ ၅ သန်း၊ ထိုင်းနိုင်ငံမှာ ၁ ဒသမ ၃ သန်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ၁ ဒသမ၂ သန်း အသီးသီး ဖုံးလွှမ်းတည်ရှိနေတာ တွေ့ရတယ်။ စာရင်းတွေအရ ၀ါးတော ဖုံးလွှမ်းမှုမှာတော့ မြန်မာနိုင်ငံဟာ အဆင့် ၃ နေရာမှာ ရှိနေတယ်။

ဒီနေ့ဒီအချိန်မှာတော့ စည်းမဲ့ကမ်းမဲ့ အသုံးပြုမှုတွေကြောင့် မြန်မာနိုင်ငံမှာ ၀ါးတောတွေ အလျင်အမြန် ပြုန်းတီးနေတယ်။ ကျေးလက်ဒေသအချို့မှာဆိုရင် အရင်က ၀ါးရဖို့ နေ့ဝက်လောက်ပဲ သွားရပေမဲ့ အခုတော့ နှစ်ညအိပ် သုံးရက် ခရီးလောက် သွားနေကြရပါပြီ။ ဒါတောင် ၀ါးကောင်းဝါးသန့်ရဖို့ မလွယ်တော့ပါဘူး။ ထင်သာမြင်သာတဲ့ ဥပမာအနေနဲ့ ကျိုက်ထီးရိုးတောင် ဒေသကိုပဲ ကြည့်ပါ။ အရင်က လူတွေရဲ့အနီးအနားမှာ ၀ါးတောတွေ ရှိခဲ့ပေမယ့် အခုဆိုရင် ၀ါးတောတွေဟာ လူတွေနဲ့ ဝေးတဲ့နေရာဆီ ရောက်ကုန်ကြပါပြီ။

၀ါးဟာ မြန်မာနိုင်ငံ ကျေးလက်နေပြည်သူတွေရဲ့ နေ့စဉ်နေထိုင်စားသောက်မှုအတွက် ဖြည့်ဆည်းပေးတဲ့ အပင်မျိုး ဖြစ်တယ်။ ကျေးလက်မှာ ၀ါးမျှစ်ထုတ်လုပ်ခြင်း၊ နေအိမ်တွေဆောက်လုပ်ခြင်း၊ တံတားဆောက်လုပ်ခြင်း၊ လယ်ယာအသုံးအဆောင်ပစ္စည်း၊ လူ့အသုံးဆောင်နဲ့ ပရိဘောဂပစ္စည်းတွေ ပြုလုပ်ရာမှာ အများဆုံး အသုံး ပြုကြတယ်။ နောက်ပိုင်းမှာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး ဖျာ၊ ခေါင်းအုံး၊ စောင်နဲ့ ပရိဘောဂပစ္စည်းတွေ၊ အမျိုးသမီးအလှကုန်ပစ္စည်းနဲ့ အဝတ်အထည်တွေ၊ စားသောက်ကုန်၊ ဆေးဝါးပစ္စည်းတွေကို ထုတ်လုပ် လာကြတယ်။

ဒါတင်မကသေးပါဘူး၊ ဟိုတယ်တွေ၊ နေအိမ်တွေရဲ့ ကြမ်းခင်း၊ မျက်နှာကြက်တွေမှာ နှစ်ရှည်ခံ အဆင့်မြှင့်ပြုပြင်သုံးစွဲလာကြတယ်။ နှစ်ရှည်ခံတံတား၊ ဆေးရုံ၊ စာသင်ကျောင်းစသဖြင့် အဆောက် နသံချောင်း တွေအစား ၀ါးကို အစားထိုး အသုံးပြုလာကြပြီး ငလျင်ဒဏ်ခံ အဆောက်အအုံတွေမှာ အသုံးပြုမှုများ လာခဲ့ တယ်။ ၀ါးစက်ဘီး၊ ၀ါးလှေငယ်မှ အစပြုပြီး မော်တော်ကားနဲ့ အသေးစားလေယာဉ် အစိတ်အပိုင်းအထိ ၀ါးကို အသုံးပြုလာခဲ့ကြတယ်။

၀ါးတောတွေဟာ လူမှုဘဝတွေအတွက် အထောက်အကူ အများကြီးပြုသလို သဘာဝပတ်ဝန်းကျင်ကိုလည်း အထောက်အကူတွေ ပြုပါတယ်။ ၀ါးတောတွေဟာ ရေဝေရေလဲဒေသတွေမှာ သာမန်သစ်တောတွေထက် ရေကို နှစ်ဆပိုပြီး ထိန်းပေးထားနိုင်တယ်။ ၀ါးရုံတစ်ရုံဟာ ၆ ကုဗမီတာ ပတ်လည်အတွင်း ရေနဲ့မြေသြဇာကို ထိန်းသိမ်းပေးနိုင်တယ်။

ဧရိယာတူ သစ်တောထက် အောက်ဆီဂျင် ၃၅ ရာခိုင်နှုန်း ပိုမိုထုတ်လွှတ်ပေးနိုင် တယ်။ သစ်တောတစ်ဟက်တာထက် ၀ါးတစ်ဟက်တာက ကာဗွန်ဒိုင်အောက်ဆိုက် ငါးဆ ပိုပြီး စုပ်ယူနိုင်တယ်။ အချို့ဝါးမျိုးစိတ်တွေက လေဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်တယ်။

မြစ်ကမ်းတွေ မပြိုကျအောင် ကာကွယ်ပေးတယ်။ ၀ါးမီးသွေးတွေက ရေဆိုးရေညစ်တွေကို သန့်စင်ပေးနိုင်တယ်။ ဒါကြောင့် ၀ါးတောတွေကို ထိန်းသိမ်းစောင့် ရှောက်လိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း အလိုလို ထိန်းသိမ်းစောင့်ရှောက်ပြီးသား ဖြစ်သွားမှာပါ။ ၀ါးပင်တွေကို စိုက်ပျိုးဖို့ သုံးနှစ်ကနေ ငါးနှစ်လောက်ပဲ အချိန်ယူရမှာ ဖြစ်တဲ့အတွက် အချိန်တိုအတွင်း ခရီး ပေါက်မယ့်အနေအထားပါ။ နောက်ပြီး ၀ါးဟာ အပင်ဖြစ်ထွန်းမှု အားကောင်းသလို ကုန်ကျစရိတ်လည်း သက်သာစေတယ်။

ဒါကြောင့်လည်း ကမ္ဘာမှာ ၀ါးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေဖွဲ့ပြီး ၀ါးတောတွေ ထိန်းသိမ်းရေး၊ ပြန်လည်ပြုစု ပျိုးထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေသလို မြန်မာပြည်မှာလည်း ၀ါးနဲ့ပတ်သက်တဲ့ အဖွဲ့တွေ ဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့ကြပါတယ်။

အခုတော့ ခေတ်ကာလအနေအထားအရ ဘာကိုမှထိန်းလို့မရတဲ့ အနေအထားရောက်နေရပါပြီ။

ဒါဆို ဘာကြောင့် ဒါတွေကို ပြောနေရတာလဲလို့ မေးစရာရှိပါမယ်။ ပြည်သူတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ဒီအတွေးအမြင် ဗဟုသုတတွေ ရှိနေစေချင်လို့ပါပဲ။ ဒါမှသာ နိုင်ငံတော်သစ်တစ်ခု ပြန်လည်တည်ဆောက်တဲ့အချိန်ရောက်ရင် အသိပညာ ဗဟုသုတတွေ ရှိနေပြီးသားဖြစ်တဲ့အတွက် နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီနိုင်မှာ ဖြစ်ပါတယ်။

ရွှေလက်တို့မှာ လုပ်စရာတွေ အများကြီးရှိပါတယ်။ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ ပူးပေါင်းပါဝင်ပြီး တတ်နိုင်သလောက် လုပ်ကြဖို့ လိုပါတယ်။

ရေးသားသူ-ရွှေလက်

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these