ပဲခူးတိုင်းမှာ ရွေးကောက်ပွဲ အပိုင်း(၁) ကို မြို့နယ် (၈) မြို့နယ် မှာသာ ကျင်းပနိုင်

🟥 မကျင်းပနိုင်တဲ့ မြို့နယ် (၂၀) မှာ စစ်တပ်ထိန်းချုပ်မှုအားနည်းပြီး တိုက်ပွဲပြင်းထန်

ဩဂုတ် ၂၃၊ ၂၀၂၅။

စစ်တပ်ကပြုလုပ်ပေးမဲ့ ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ မှာ ပြုလုပ်သွားမှာဖြစ်ပြီး မြို့နယ်ပေါင်း (၁၀၂) မြို့နယ် မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ (၂၀) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီလိုကျင်းပမယ့် မြို့နယ်တွေထဲမှာ ပဲခူးတိုင်းက (၈) မြို့နယ် သာပါဝင်ပြီး မြို့နယ်(၂၀) မှာ ကျင်းပနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ကျင်းပပြုလုပ်မယ့် မြို့နယ်တွေကတော့ ပဲခူးတိုင်းအရှေ့ခြမ်းက ညောင်လေးပင်မြို့နယ်၊ပဲခူးမြို့နယ်၊ တောင်ငူမြို့နယ် နဲ့ အနောက်ခြမ်းက ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ နတ္တလင်းမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ သာယာဝတီမြို့နယ် တို့ ဖြစ်ပါတယ်။

“သူကိုင်စွဲထားတဲ ၂၀၀၈ အခြေခံဥပဒေကိုတောင် သူကမလိုက်နာဘဲ ၆ လတကြိမ်သက်တမ်းတိုးပြီး ကာလအကြာကြီးကို ဆွဲဆန့်လာခဲ့တဲ့ မင်းအောင်လှိုင်က ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုတာက နံပါတ် ၁ အနေနဲ့က လူထုက တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆိုတာကို ရှင်းရှင်းလင်လင်း သိမြင်နားလည်ဖို့ သတင်းစကားပေးချင်တယ်” ပဲခူးယူနစ်တော်လှန်ရေးအင်အားစု ရဲဘော်တဦး က ဒို့ပြည် ကိုပြောပါတယ်။

ရွေးကောက်ပွဲကနေ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များမှာ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နဲ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်၊ ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) နဲ့ ကျင်းပမယ့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် မဲအများဆုံးရသူအနိုင်ယူ စနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်းမဲဆန္ဒနယ် ၁၁၀ နယ်၊ ရောနှောထားတဲ့ကိုယ်စားလှယ် အချိုးကျစနစ် (MMP) နဲ့ ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်းမဲဆန္ဒနယ် ၃၆၄ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

“သူတို့နိုင်ဖို့ ရွေးကောက်ပွဲစနစ်တွေ FPTP စနစ်တွေ PR MMP စနစ်တွေက ပြည်သူမပြောနဲ့ ရွေးကောက်ပွဲကို ကိုင်တွယ်ဆောင်ရွက်မဲ့ ရွေးကောက်ပွဲကောက်မရှိခွဲတွေ ကတောင် နားလည်လားဆိုတဲ့ ကိစ္စကကြီးမားတဲ့ကိစ္စဖြစ်တယ်” လို့ ပဲခူးယူနစ်တော်လှန်ရေးအင်အားစု ရဲဘော်တဦး က ပြောပါတယ်။

စစ်တပ်ကပြုလုပ်မဲ့ ရွေးကောက်ပွဲစနစ်တွေကို ပါဝင်အရွေးခံကြမဲ့ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှင်းလင်းစွာနားလည်မှုမရှိ သေးဘူးဆိုတာ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ တွေ့ရှိရပါတယ်။

အခုလို စစ်တပ်က ပြုလုပ်မဲ့ ရွေးကောက်ပွဲအပိုင်း(၁) နဲ့ပတ်သက်ပြီး ပါဝင်နေတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း

“လူထုကတော့ ဓါးမိုးပြီးအုပ်ချုပ်ထားတော့ အနီးဆုံးထားကိုကြောက်ရတာ မှန်တယ်။ စိတ်ပေါင်းကိုယ်ခွါဆိုတဲ့စကားလိုပဲ စိတ်ဓါတ်ရေးရာကျတော့ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ ရှိနေပေးဖို့ ပြောချင်တယ်။ ပြည်သူတွေက မဲပေးကြပါ မဲမပေးကြပါနဲ့ ပြည်သူတွေက No Vote ပေးကြပါလို့ ကျနော်တို့အနေနဲ့ မပြောချင်ဘူး လူထုက ခက်ခဲစွာရပ်တည်နေရတာကို နားလည်တယ်” လို့ ပဲခူးယူနစ်တော်လှန်ရေးအင်အားစု ရဲဘော်က ပြောပါတယ်။

ဒါ့အပြင် အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်အားဖြည့်နေသူတွေရဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ပြည်သူလူထုအနေနဲ့ ရနိုင်သလောက် စုဆောင်းမှတ်တမ်းပြုစုထားပြီး နောင်တချိန်တရားမျှတမှုရဖို့အတွက် လုပ်ဆောင်ရမယ်လို့ ဆက်ပြောပါတယ်။

ကျင်းပနိုင်ခြင်းမရှိသေးတဲ့ မြို့နယ်(၂၀) ထဲက အများစုမှာတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ကလေးသူငယ်တွေအပါအဝင် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ မြှင့်တက်လျှက်ရှိပါတယ်။

ပုံစာ- မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲ ကို ပြည်မြို့မှာ မေလ ၂၆ ရက်နေ့ က ပြုလုပ်ခဲ့စဉ်(ဓါတ်ပုံ-MOI)

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these