“လူပျိုရှင်ဆန်တစိတ်နဲ့ ပုန်းအိပ်ရတဲ့ခေတ်”

(သရော်စာ)

ဩဂုတ် ၂၄၊ ၂၀၂၅။

ကျုပ် ဒီကနေ့ သတင်းတစ်ခုဖတ်လိုက်ရသဗျ။ ထုံးစံအတိုင်း ခေတ်သစ် သတင်းစာမျက်နှာပေါ်ကပေါ့ဗျာ။ သတင်းစာမျက်နှာအတော်များများမှာ ဗွက်ပေါက်နေတဲ့ ရွေးလိမ်ပွဲသတင်းထက်ထူးဆန်းနေတဲ့ သတင်းဗျ။

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ဆိုတာကြီးကို၊ စစ်ကော်မရှင်က လုပ်အုန်းမလို့ဆိုပါလားဗျ။ ဂလောက်သောက်ရှက်မရှိ၊ သောက်ခွက်ပြောင်တဲ့အုပ်စုကြီးဟာကမ္ဘာမှာ၊ အရှေ့တောင်အာရှမှာရှိနေနိုင်တာ အင်မတန်အံ့ဩစရာကောင်းပါရဲ့လေ။ ကမ္ဘာ့ဥပဒေ၊ မြန်မာ့ဥပဒေဆိုသဟာတွေကို “ဒါပဲ”ထင်တယ်ဆိုတဲ့အုပ်စုကြီးကို ရှင်သန်ရမ်းကားခွင့်ပေးနေတဲ့ ကမ္ဘာကြီးမှာနေနေရတာ မသတီစရာ။

ကျုပ်တို့မြန်မာပြည်ကြီးမှာ လူငယ်လူရွယ်မှန်သမျှ စစ်ဘီလူးအစားခံရခြင်းဘေးကျရောက်နေတာနေ့စဥ်နဲ့အမျှ။ လူပျိုရှင်ဆန်တစ်စိတ်နဲ့ပုန်းအိပ်ရတဲ့ခေတ် ဆိုတာလို လူငယ်လူရွယ်မှန်သမျှ ကြောက်လန့်တကြားနေနေရတဲ့အခြေအနေကြီးမှာ ဗြောင်လိမ်ဗြောင်စား လူငယ်ဖိုရမ်ကျင်းပပြန်သတဲ့။ ဪ မအလရယ် လို့ပဲ ပြောရတော့မလို။

မအလတို့တသိုက်လုံး အခုကာလမှာ ရွေးလိမ်ပွဲကြီးအတွက်အင်တိုက်အားတိုက် လုပ်နေလိုက်ကြတာလေ၊ ရွာဦးကျောင်းခွေးတစ်အုပ် ကြေးစည်သံကြားလို့ထွက်လာတဲ့အသံလိုပဲဗျို့။ NLDကိုအပုပ်ချလိုက်ကြတာဆိုတာလည်း “သားကောင်းဇာနည်” ကြီးတွေမှ ဟုတ်ပါလေစလို့ပြောရမလိုပဲ။ စစ်တပ်ဆိုတဲ့အစုအဖွဲ့ကြီးက ဘဇာအရေးကြောင့် ပါတီနဂံရေးတွေ အားတက်သရောလုပ်နေတာပါလိမ့်နော်။ပါတီနဂံရေးကင်းရှင်းရမယ့် အထဲမှာ မအလ ကြီးတို့မပါဘူးထင်ပ။

ဟို ဘူးလုံးနားမထွင်းကြီးကလည်း ရွေးလိမ်ပွဲပြီးရင် ကြံ့ဖွတ်အစိုးရကြီးက AA တို့လိုအဖွဲ့ကြီးတွေကို အပြတ်တီးတော့မှာဆိုတာလည်း ပြောသေးသဗျ။

၈၈ မျိုးဆက်ဆိုတဲ့ဟာရီးကလည်း လူကောင်းတွေမဲမပေးရင် လူဆိုးတွေအုပ်ချုပ်တာခံရလိမ့်မယ် တွေဘာတွေလာပွါးနေသေးသဗျ။ ခေတ်စကားနဲ့ပြောရရင်”ဟ ဟ”ပါပဲ ကိုကိုကြီးရယ်။ လူထုက စစ်အုပ်စုလုပ်ပေးတဲ့ရွေးကောက်ပွဲမှန်သမျှဆိုရင်”လှန်ပြ”ချင်နေကြပါပြီ စာမျက်နှာဟောင်းတွေကိုလေ။ ပေါင်းသတ်တာတွေဘာတွေလည်းတော်ပါတော့နော။

နတ်မောက်သားကြီးရဲ့သမီးအငယ်ဆုံးလေးတောင် အဖေရဲ့အရှိန်အဝါကြီးရှိပါရက်နဲ့ စစ်အုပ်စုက နိုင်လိုမင်းတက်လုပ်နေသေးတာ သက်သက်ပဲခိုင်ခိုင်၊ ကိုကိုပဲကြီးကြီး၊ ခေတ်စကားနဲ့ပြောရရင် ဂေါင်းရီးတို့ ဘာမျှော်လင့်နေတာတုန်း ပေါ့လေနော။

တရားကိုနတ်စောင့်သလေးဘာလေးနဲ့ နတ်ဆိုတာတွေလည်း သာယာစီးတွေလား၊ စကြောက်တွေလားပဲ။

မအလတို့အုပ်စုလည်း ဖတ်ဖူးတဲ့ပုံပြင်လိုပဲ ထင်ပါရဲ့။

တခါက မြေခွေးတစ်ကောင်ဟာ အစာရှာဖို့ရွာအနားလာတာပေါ့လေ။ ရွာအနားရောက်တော့ ရွာသားတွေစွန့်ပစ်ထားတဲ့ မဲနယ်ဆိုးဆေးအိုးထဲလဲ ကျရောတဲ့။မြေခွေးလည်း အလန့်တကြားထွက်ပြေးရင်း ရေအိုင်တခုမှာမောမောနဲ့ရေသောက်တာပေါ့။ မြေခွေးဟာရေထဲမှာပေါ်နေတဲ့ သူ့အရိပ်ကိုကြည့်ပြီးအကြံတစ်ခုရသတဲ့။ သူ့အကြံကတော့ သူ့ရဲ့မဲပြာပြာအရောင်အဝါကို အကြောင်းပြပြီး “ဂျင်း” ထည့်ဖို့ပေါ့လေ။

တောထဲရောက်တော့ မြေခွေးတွေဟာ အထူးတဆန်းဝိုင်းကြည့်ကြတာပေါ့။အဲဒီမှာ မဲနယ်အိုးထဲလဲကျခဲ့လို့အရောင်ပြောင်းတာကို နတ်ဒေဝတာတွေက အရောင်ပြောင်းလိုက်တာဖြစ်တယ်လို့ ပြောချလိုက်သပေါ့။ နတ်ဒေဝတာတွေက တောဘုရင်အဖြစ် ခန့်အပ်လိုက်တာဖြစ်တယ်လို့လည်း ဖိန့်တာပေါ့။ သူ့ကိုလည်း မဲအိုးထဲလဲကျခဲ့သမို့ နတ်ဒေဝတာတွေက “မအလ”လို့ဘွဲ့အမည်ပေးလိုက်တယ်လို့ ဆက်ပွါးတော့၊မြေခွေးတွေလည်း ဘူမသိကိုးမသိ”မှန်လှပါဖျား”လိုက်ကြတာ အခြားသော ကျား၊ခြင်္သေ့တွေတောင် ရောယောင် နောက်လိုက်ဖြစ်ကုန်တာပေါ့။

မအလကြီးကလည်း ဘဝင်လေဟပ်ပြီး သူနဲ့မျိုးနွယ်တူမြေခွေးတွေကိုတောင်မတူသလိုမတန်သလိုလုပ်လာတော့တာကိုး။ အဲဒီမှာ မကျေနပ်တဲ့ မြေခွေးတွေစည်းဝေးပြီး ဆုံးဖြတ်ချက် တစ်ခုချလိုက်သတဲ့။

ညနေခင်းတစ်ခုရောက်တော့ ဘုရင်လိမ် မအလမြေခွေးအနားဝိုင်းဖွဲ့ပြီး”အူ”ကြတာပေါ့လေ။ ဘုရင်လိမ် မအလကြီးလည်း ပထမတော့ထိမ်းထားသေးသပေါ့လေ။ နောက်တော့မြေခွေးဇာတိပြပြီး အူချလိုက်မိတာ ပတ်ဝန်းကျင်ကိုတောင်မေ့သွားသတဲ့။ အူသံတွေကြောင့်အနားရောက်လာတဲ့ ကျားတွေခြင်္သေ့တွေလည်းမြေခွေးငလိမ်မှန်းသိသွားပြီး ဝိုင်းတီးလိုက်ကြတာ အရိုးတခြားအသားတခြားဖြစ်ကရောတဲ့။

မအလတို့အုပ်စုလည်း မအလကြီးအနားဝိုင်းပြီး အူဖို့အချိန်တန်ပါပြီလေ။ အဲလိုမဟုတ်ရင် မဲနယ်ကောင်ကြီးကိုပဲ”မှန်ပါ့ဖျား” လုပ်ရင်း ဖြုတ်ထုတ်သတ်ခံရမလား၊ကြင်စိုးဆီ “ဘိန်ညာ”နင်းရမလားပဲ။ ထမင်းစားရင် ထမင်းရိပ်ပြကြပေါ့ လေနော။

ရေးသားသူ-ဇေယျတု
သရုပ်ဖော်-ညိုမြ

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these