ဖျက်ဆီးခံထားရတဲ့ ပေါက်ခေါင်းရိုးလမ်းကို ပြည်သူတွေက ကိုယ်ထူကိုယ်ထတံတားပြန်ဆောက် စစ်တပ်က ထပ်ဖျက်ဆီးသွားပြန်

ဩဂုတ် ၂၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမအဝေးပြေးလမ်းပိုင်း တွေကို စစ်တပ်က ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေက ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ခဲ့ကြပေမဲ့ စစ်တပ်ကပဲ ထပ်မံလာရောက်ဖျက်ဆီးသွား ပြန်တယ်လို သိရပါတယ်။

စစ်တပ်က ဖျက်ဆီးထားတဲ့ ပေါက်ခေါင်းမြို့နယ် ညောင်ကုန်းကျေးရွာအနီး ရိုးမအမြန်လမ်းပိုင်း ကို ဒေသတွင်းပြည်သူတွေက ညှိနှိုင်းကာ ယာယီတံတားထိုးပြီးသွားလာနေရာ နိမ့်စောင်းသွားတဲ့အတွက် ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းက သွားရောက်ပြင်ဆင်ခဲ့ကြပေမဲ့ ညနေပိုင်းမှာ စစ်တပ်က လာရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကားသမားတွေ သံဃာတော်တွေနဲ့ ပြည်သူတွေက မနက်ပိုင်းမှာ ပြင်ခဲ့တာ။ ညနေကြတော့ စကစက ပြန်ဖျက်ဆီးသွားတယ်။ တုံးသုံးလေးတုံးနဲ့ ဆိုင်ကယ်ကူးနိုင်ရုံလောက်ပဲချန်ထားခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ညောင်ကုန်းကျေးရွာအနီး လမ်းမကြီးကိုတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က စက်ယန္တရား(ဘတ်ဟိုး) နဲ့ တူးဖျက်ဆီးခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့မှာလည်း ဘိုကုန်းနေရာကို ဖျက်ဆီးခဲ့ပါသေးတယ်။

အဲဒီလမ်းပိုင်းဟာ ပေါက်ခေါင်းနဲ့ အုတ်တွင်းမြို့တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးရိုးမအမြန်လမ်းမကြီးဖြစ်ပြီး ရိုးမပေါ်က ကျေးရွာတွေက ပြည်သူများစွာ ကုန်ရောင်းကုန်ဝယ်၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် အဓိကထားအသုံးပြုနေရတဲ့ လမ်းမကြီးဖြစ်ပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

 

 

You may also like these