ရခိုင်ပြည်မှာ AA က အင်တာနက်သုံးစွဲခွင့် ကို ယာယီပိတ်ပင်တယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်

ဩဂုတ် ၂၇၊ ၂၀၂၅။
 
ရခိုင်ပြည်မှာ ယခုရက်ပိုင်းအတွင် အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီးနောက် ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ မှ စတင်ကာ အာရက္ခတပ်တော်-AA က အင်တာနက်အသုံးပြုခွင့်ဝန်ဆောင်မှုတွေကို ပိတ်ထားလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာနေပါတယ်။
 
ဒီလိုပိတ်ပင်မဲ့ မြို့တွေဟာ ဘယ်မြို့တွေဆိုတာကို မသိရေသေးဘဲ တချို့ကတော့ ယနေ့အထိ သုံးနေတာကို တွေရသေးတယ်လို့ တောင်ကုတ်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
 
“ဒီနေ့ထိတော့ သုံးရနေသေးတယ်။ ဘယ်မြို့တွေပါဝင်မယ်ဆိုတာ အသေးစိတ် မသိရသေးပါ။ ဒီနေ့ သုံးနေကြတာ တွေ့ရသေးတယ်” လို့ သူက ပြောပါတယ်။
 
AA က ဒေသတွင်း အင်တာနက်အသုံးပြုခွင့်ရဖို့အတွက် မြို့နယ်အချို့မှာ Starlink အင်တာနက်တွေကို ဖွင့်ကာ အချိန်အကန့်အသက်ဖြင့် ၁ နာရီကို ၂ ထောင်ကျပ်နဲ့ သုံးခွင့်ပြုခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ လုံခြုံရေးအရ ပိတ်ပင်လိုက်တာလို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရခိုင်သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
 
“ပေးလာသည့် အခွင့်အရေးကို စည်းကမ်းတကျ အသုံးမပြုတတ်ကြတဲ့အတွက် မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ခဲ့ရပြီး ရရှိထားတဲ့ အင်တာနက်သုံးစွဲမှုကိုပါ ဆုံးရှုံးလိုက်ရပြီး ဘယ်မြို့တွေပါဝင်တယ်ဆိုတာ အသေးစိတ်မသိရှိရသေးပါ။” လို့ ဒေသတွင်းအခြေအနေတွေကို သိရှိထားတဲ့ ရခိုင်အမျိုးသားတဦးကလည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
 
အာရက္ခတပ်တော် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် မင်းပြားမြို့နယ်၊ ကျောက်ခုတ်ရွာ ကို ရောက်ရှိနေကြောင်း ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် လေကြောင်းကနေ ရက်ဆက်ဗုံးကြဲခံနေရတာဖြစ်ပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်၊ မြောက်ဦးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့က ပေါင် ၅၀၀ ဗုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံသေဆုံးမှု ၁၄ ဦးထိရှိလာပြီး၊ ယမန်နေ့ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းကတော့ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ ကိုဗုံးကြဲခဲ့သလို ပုဏ္ဏားကျွန်း ကိုလည်း တိုက်ခိုက်ခံရပြီး သတင်းအတိအကျကိုတော့ မရသေးဘူးလို့ ရခိုင်အမျိုးသားတဦးက ပြောပါတယ်။
 
ပုံစာ-ဩဂုတ်လ ၂၅ ရက်နေ့ညက လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မြောက်ဦးကနေအိမ်တလုံး(ဓါတ်ပုံလူမှုကွန်ရက်)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these