ဩဂုတ် ၃၀၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲမှုတွေ ရက်ဆက်ပြုလုပ်နေတယ်လို့ ဒေသတွင်းက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၄၄ မိနစ်ခန့်က ဒေါင်းစပါးကျေးရွာက သားအမတွေဖြစ်ကြတဲ့ မဇင်မာအောင်(၃၂ နှစ်) နဲ့ သမီးအဖြစ်သူ မယွန်းမီမီ(၅ နှစ်) တို့ဟာ စက်ဘီးစီးထွက်ပြေးကြတာမှာ စစ်တပ်က ဒရုန်းဗုံးနဲ့ လိုက်လံကြဲခဲ့လို့ (၂) ဦးလုံးနေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ကြပါတယ်။
“ဒရုန်းလာချသွားတာ ပြည်သူသားမိနှစ်ယောက်ကတော့ နေရာတွင့် သေဆုံးသွားပါတယ်။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိတယ်။” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒါ့အပြင် ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
“အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်နေလို့ ကျေးရွာနေ ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ဒေသအခြေအနေကို သိရှိထားတဲ့ တော်လှန်ရေးအင်အားစုဝင် အမျိုးသမီးတဦး ကလည်း ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ပြန်လည်ဆုတ်ခွါသွားပြီလို့ သိရပြီး ဒေသနေပြည်သူတွေကတော့ စိုးရိမ်နေဆဲဖြစ်ပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay