

(#ရသစာတမ်း)
ဩဂုတ် ၃၀၊ ၂၀၂၅။
၁။
ဒုတိယအကြိမ် အကျဥ်းထောင်က ပြန်လွတ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဇာတိမြို့နဲ့ ချစ်ရတဲ့မိသားစုကို ကျောခိုင်းပြီး လွတ်မြောက်ရာအရပ်ဆီ ခရီးနှင်ထွက်ခွာခဲ့ရတာ တစ်နှစ်ဆိုတဲ့ အချိန်ကာလကို ၀င်ရောက်ခဲ့ပေါ့။ အိမ်လွမ်းနာကျတဲ့စိတ်၊ ဇာတိမြေကို တမ်းတလွမ်းမောစိတ်တွေဟာ ပိုပြီး အမြစ်တွယ်လာသလိုပါပဲ။
တကယ်ဆို အသက် ၂၀-၂၅ကြား အချိန်ကာလတွေဟာ ကျနော်တို့ လူငယ်ဘ၀တွက် နုပျိုလတ်ဆတ်တဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုပါပဲ။ ဒီလို နုပျိုလတ်ဆတ်တဲ့ လူငယ်ဘ၀ကို အကျဥ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ဖြတ်သန်းခဲ့ရတဲ့ ကျနော့်ရဲ့ အထီးကျန်အလွမ်းစိတ်ဟာ နာတာရှည်ရောဂါတစ်ခုစွဲကပ်သလို စိတ်၀ိညာဥ်မှာ တွယ်ညှိနေမိပါတော့တယ်။
၂။
ဒီလိုနဲ့ပဲ နရသိန်ကနေ ပြန်လွတ်တဲ့နေ့လည်ခင်းတစ်ခုမှာ လုံခြုံစိတ်ချရမယ့် နေရာတစ်ခုကို ရုတ်တရက် တိမ်းရှောင်ခဲ့ရပါတယ်။ ဒေါနတောင်တန်းကို ၂ညအိပ်ခရီး ကျော်ဖြတ်ပြီး မနက်ဝေလီဝေလင်းမှာပဲ သောင်ရင်းမြစ်တစ်ဘက်ကမ်းက `Little Burma´လို့ တင်စားခေါ်ဝေါ်တဲ့ ခေတ်အဆက်ဆက် ဗမာပြည်နိုင်ငံရေးအချိုးကွေ့တွေရဲ့ ရိုက်ခတ်မှုခံခဲ့ရတဲ့ မဲဆောက်မြို့လေးနဲ့ စတင်မိတ်ဆက်ရတော့တာပါပဲ။
မနက်ဝေလီဝေလင်း သောင်ရင်းကိုဖြတ်ကျော်ရတဲ့ မိနစ်အပိုင်းခြားမှာ အမျိုးအမည်မဖော်ပြတတ်တဲ့ ခံစားမှုကို ရင်ထဲမွန်းကျပ်စွာခံစားရင်း ဗမာပြည်ဘက်ကမ်းကို ကြည့်နေမိခဲ့တယ်။ ပြည်ပြေးကျောင်းသားတစ်ယောက်ရဲ့ အိမ်လွမ်းနာခရီးဟာ မိုးတဖွဲဖွဲကျနေတဲ့ မဲဆောက်မြို့ရဲ့ မနက်ခင်းမှာ အစပြုခဲ့ရပြီပေါ့။
၃။
မိုးတဖွဲဖွဲကျနေတဲ့ စက်တင်ဘာမနက်ခင်းတစ်ခုမှာ `Little Burma´ကို စတင်ခြေချမိပါတော့တယ်။ တစ်ကိုယ်ရည်စာ လွတ်မြောက်ခဲ့ပြီဆိုပေမယ့် တစ်ကိုယ်ကောင်းဆန်စွာ ထွက်ပြေးလာခဲ့တာလားဆိုတဲ့ အတွေးတစ်ခုဟာ မသိစိတ်မှာ အမြဲတစ်စေ နှိပ်စက်ကလူပြုနေမိတယ်။ ဒီလိုနဲ့ပဲ မိတ်ဟောင်းဆွေဟောင်း၊ ရဲဘော်ရဲဘက်အဟောင်းတွေနဲ့ ပြန်ဆုံကြရင်း ဒဏ်ရာကိုယ်စီဘ၀တွေကို အပြန်အလှန်ကုစားချွေးသိပ်ရတဲ့နေ့ရက်တွေကို ကျော်ဖြတ်နေခဲ့ရပါတယ်။
ဘ၀တူ သမဂ္ဂကျောင်းသားလူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရင်ဖွင့်ခံစားချက်ကို နားထောင်ရင်း တစ်ကိုယ်ရည်စာ လွတ်မြောက်နေထိုင်ရတာကို လိပ်ပြာမလုံသလို ခံစားမိလာတဲ့အချိန်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချကာ လူထုနဲ့အတူ ဖြတ်သန်းဖို့ နယ်မြေတစ်ခုကို ခရီးဆက်ခဲ့ပါတော့တယ်။
၄။
အညာဟာ အောက်ပြည်အောက်ရွာသားတယောက်အတွက် ရာသီဥတု၊ လူမှုနေထိုင်မှုပုံစံတွေမှာ သဟဇာတဖြစ်ဖို့ အချိန်တစ်ခုယူပြီး ပြောင်းလဲယူရပါတယ်။ ထန်း၊တမာ၊ ထနောင်းရိပ်အောက်မှာ လူထုနဲ့အတူ ရုန်းကန်ရင်း စတုတ္ထမြစ်ကျဥ်းနဲ့ ရေတမာပင်တန်းကို ထိုင်လွမ်းနေတတ်ပါပြီ။
ခင်၀မ်းရဲ့ `ပြည်မှာဆောင်း´ဟာ အိမ်လွမ်းနာကျတဲ့အိမ်ပြေးတွေရဲ့ စိတ်၀ိညာဥ်ကိုဖမ်းစားနေပါပြီ။ အညာမိုးရက်တွေမှာ အတိတ်နေ့ရက်တွေကို တမ်းတမ်းတတလွမ်းဆွတ်တတ်နေပါပြီ။ ဒီလို ၀ါခေါင်-တော်သလင်းလတွေဆို ပြည်၊ ပေါင်းတည်၊ နတ္တလင်းတစ်ကြောမှာ ဩဇာသီးတွေ ပေါ်ပြီပေါ့။ ဩဇာသီးပေါ်ချိန်ရောက်ရင် တစ်နယ်လုံးရဲ့ နယ်သူနယ်သားတွေဟာ ပေါင်းတည်စွယ်တော်ပွဲရက်ကို ကြိုတင်မျှော်လင့်ရင်ခုန်ကြရင်း ပွဲတော်မှာ၀ယ်ခြမ်းဖို့ ပျော်ကြပါးကြဖို့ ကြိုတင်ပြင်ဆင်ကြ အလုပ်တွေလက်စသတ်ကြနဲ့ ပွဲတော်ကို စောင့်စားကြပြီပေါ့။
၅။
ဒီလို အညာမိုးရက်တွေမှာ စိတ်၀ိညာဥ်ဟာ ဇာတိမြို့လေးဆီ ခဏခဏပြန်ရောက်နေမိပါတယ်။ ငယ်စဥ်ဆယ်ကျော်သက်ဘ၀ စွယ်တော်ရက်နီးလို့ ဆိုင်ခန်းတွေ စဆောက်ပြီဆိုရင် ကျောင်းသွားကျောင်းပြန် စွယ်တော်ဆိုင်ခန်းအတန်းတွေကို ငေးကြည့်ရင်း ရောက်လာတော့မယ့် ပွဲတော်ရက်ကို ကြိုရင်ခုန်ရပါတော့တယ်။ ပွဲတော်ရက်နားနီးလာလေ မြို့လေးရဲ့ လက်ဖက်ရည်ဆိုင်၊ ဘုံဆိုင်၊ စာသင်ကျောင်းနဲ့ လူစည်ကားရာနေရာတွေမှာ မြို့သူမြို့သားတွေဟာ ပွဲတော်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကိုပဲ ထပ်တလဲလဲ
ပြောဆိုနေကြပါတော့တယ်။
ဘယ်ရပ်ကွက်ယိမ်းကားမှာ နာမည်ကြီးအဆိုတော်ဘယ်သူလာမှာကတစ်မျိုး၊ နှစ်စဥ်ကျင်းပနေတဲ့ စွယ်တော်ဒိုင်း မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲမှာ ဘယ်မြို့က မြန်မာ့နေရှင်နယ်လိဂ်က နာမည်ကြီးဘောလုံးသမားတွေပါလာမယ်ဆိုတာက တစ်မျိုးနဲ့ ကောလဟာလတွေနဲ့ ပြည့်နှက်ရင်း ကြိုရင်ခုန်ကြပြန်ပါတယ်။ ပွဲတော်ရက် ပိုနီးကပ်လာတာနဲ့ ကျောင်း၀န်းထဲမှာ စာသင်ခန်းမှာ ကျောင်းသားတွေကြား ပွဲတော်နဲ့ပက်သက်တဲ့ ကောလဟဟာလတွေပိုပြီး လှုပ်လှုပ်ရွရွဖြစ်လာပြီး အနုပညာရွက်ပုန်းသီးတွေ အပြိုင်းရိုင်းပေါ်ထွက်လာကာ ပွဲတော်ရင်ခုန်သံဟာ စာသင်ခန်းထဲက ရုန်းထွက် ရပ်ကွက်အလိုက်ယိမ်းကားတွေအပေါ် ရောက်တော့တာပါပဲ။
ပွဲတော်ရက်အစ တော်သလင်းလဆန်း ၉ရက် ၊ ၁၀ရက်ထဲက စာသင်ခန်းတံခါးကို သော့ပိတ် လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းပြေးကြရင်း ပွဲစျေးတန်းလျှောက်လည်လို့ စွယ်တော်ကျောင်းပိတ်ရက်ကို ကိုယ့်ကျောင်းသားအချင်းချင်း ကြိုပိတ်ကြတာကလဲ မြို့လေးရဲ့ အစဥ်အလာတစ်ခုပါပဲ။ ဆယ်ကျော်သက် လူပျိုပေါက်ဘ၀ရဲ့ စွယ်တော်ညတွေဟာ ယိမ်းကားလိုက်ကြည့်ရခြင်းနဲ့ စိတ်ကစားနေတဲ့ အိမ်တွင်းပုန်းကောင်မလေးကို ပွဲစျေးတန်းဘက် မလှိမ့်တပတ်ခေါ်ထုတ်ပြီး ခြေအေး၀မ်းယောင် လျှောက်ပြန်သံပေး လုပ်ကြတာကလဲ ပွဲတော်ရဲ့ ရသတစ်ခုပါပဲ။
ဒီလိုနဲ့ပဲ တော်သလင်းလဆန်း (၁၃)ရက် မြတ်စွယ်တော် မြို့တွင်းကို လှည့်လည်အပူဇော်ခံတဲ့ နေ့ရောက်ရင်တော့ မြို့လေးရဲ့ လူငယ်တွေဟာ အလှူခံဖလား ကိုယ်စီ ဖိနပ်မပါခြေဗလာနဲ့ စွယ်တော်လမ်းကြောင်းအတိုင်း မြို့တစ်ပတ် အလှူခံထွက်ကြတဲ့ ဓလေ့ဟာလဲ မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့ကြတာ မြို့လေးရဲ့ သင်္ကေတတစ်ခုပေါ့။
၂၀၂၀ ကိုဗစ်ကာလနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပွဲ မဖြစ်ခင် ၂၀၁၉ ကာလအထိ ပွဲတော်ဟာ မြို့လေးနဲ့ နယ်သူနယ်သားတွေအတွက် နှစ်စဥ်မပျက်ကျင်းပတဲ့ တစ်နယ်လုံးရဲ့ အစည်းကားဆုံးပွဲတော်တစ်ခု ဖြစ်နေခဲ့တာပါ။ ဒီနှစ်ကာလတွေမှာတော့ ပွဲတော်ဟာ စတိသဘောသာ ကျင်းပပြီး မြတ်စွယ်တော်ကိုလဲ မြို့ထဲကို လှည့်လည် အပူဇော်မခံဖြစ်တော့တာ ၅နှစ်နီးပါးရှိခဲ့ပါပြီ။
ဒီလို ဩဇာသီးပေါ်ချိန်ရောက်လာရင် လွမ်းစရာကောင်းတဲ့မြို့လေးရဲ့ အတိတ်နေ့ရက်တွေကို မြင်ယောင်ရင်း ပွဲတော်နဲ့မြို့လေးကို လွမ်းဆွတ်တမ်းတစိတ်ဟာ ရင်မှာ တစ်ဆစ်ဆစ်နာကျင်ခံစားရင်း နာတာရှည်ရောဂါတစ်ခုစွဲကပ်သလို စိတ်၀ိညာဥ်မှာ အမြစ်တွယ်နေမိတော့မှာပါ။
ရေးသားသူ-နေထက်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay