အုတ်ဖိုမြို့နယ် မှာ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး (၁) ဦးသေဆုံး

စက်တင်ဘာ ၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးနိုင်ဖို့အတွက် ရှေ့ပြေးလာတဲ့ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ဆီက သိရပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ မွန်းလဲ ၂ နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ စဉ့်ကူးချောင်းဂေါင်းဆည်တာဘောင်ပေါ် ကို ရှေ့ပြေးလာရောက်ကြတဲ့ အေးမြသာယာမြို့က ပျူခေါင်းဆောင် ဝဏ္ဏ ဦးဆောင်တဲ့ ဆိုင်ကယ်(၅) စီးနဲ့ ပျူအဖွဲ့ကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆင်ကူးရွာသား ပျူစောထီးကျော်ဝင်းစိန်ဟာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဝဏ္ဏကိုအဓိကထားတာ အခုသေတာကတော့ ဆင်ကူးရွာက ကျော်ဝင်းစိန်ပါ။ လက်နက်ကတော့မရဘူး။ ဆိုင်ကယ်ပဲရလိုက်တယ်။ ဝဏ္ဏက အေးမြသာယာမှာ စစ်မှုထမ်းကြေးကောက်တယ်။ စစ်မှုထမ်းဖို့ လူစုပေးတယ်။ တပြည့်တပမ်းလည်း ပေါတယ်” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တာဝန်ရှိသူ က ဒို့ပြည်ကိုပြောပါတယ်။

သေဆုံးသွားသူကိုတော့ အဲဒီနေ့ညနေပိုင်းကတည်းက လာကောက်သွားပြီဖြစ်ပြီး လက်ရှိမှာတော့ ကင်းပုန်းဝပ်နေတာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့ စစ်ကော်မရှင်နဲ့ ပျူစောထီးတွေကို အရှိန်မြှင့်တိုက်ခိုက်သွားဖို့ရှိတယ်။ ပြည်သူတွေအနေနဲ့ သွားတာလာတာဆင်ခြင်ပေးကြပါလို့ ပြောချင်ပါတယ်။” မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တာဝန်ရှိသူ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက််နေ့ ည ၇ နာရီ မိနစ် ၂၀ ခန့်ကလည်း မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်းရပ်ကွက်မှာရှိတဲ့ ကြံခိုင်ရေးပါတီရုံး ကိုလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက် ခဲ့ရာမှာ ရုံးစောင့် စစ်သားတချို့ ဒဏ်ရာရသွားကြသေးတယ်လို့ သိရပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these