ပန်းတောင်းမြို့နယ် ရခိုင်ရိုးမမှာ တိုက်ပွဲပြင်းထန် စစ်တပ်ဗိုလ်ကြီးအပါ ၃ ဦးထက်မနည်း အေးငြိမ်းရာမှာ မီးသဂြိုဟ်

🟥 လက်နက်ခဲယမ်းတွေ AA ကသိမ်းပိုက်

စက်တင်ဘာ ၆၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က တောင်ကုတ်ကားလမ်းပေါ်မှာ အာရက္ခတပ်တော်-AA၊ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ပြန်လည်ဖြစ်ပွားနေတယ်လို့ စစ်ရေးရင်းမြစ်တွေ ဆီက သိရပါတယ်။

ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့က အသက် ၄၀ ဝန်းကျင်ခန့် စစ်တပ်ရဲ့ ဗိုလ်ကြီးတဦး ကို ပြည်မြို့အေးငြိမ်းရာသုသာန်မှာ အခမ်းအနားနဲ့ မီးသဂြိုဟ် ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတဦးက ပြောပါတယ်။

ယင်းမတိုင်ခင်ရက်ကလည်း အဲဒီသုသာန်မှာပဲ စစ်သား(၂) ဦးကို မီးသဂြိုဟ် ခဲ့ပြီး ရွှေတောင်မြို့နယ်၊ ကုတင်(၁၀၀) စစ်ဆေးရုံမှာလည်း နေ့စဉ်ဆိုသလို သေဆုံးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

“ပထမရက်ကနှစ်ယောက် မနေ့ကတော့အခမ်းအနားနဲ့ပေါ့နော်။ သေတာကတော့ တောက်လျှောက်သေနိုင်တယ်။ ဘယ်နှစ်လောင်းဆိုတာကိုတော့ မသေချာဘူး။ တိတိကျကျသိရတာကတော့ သုံးလောင်းပါ” လို့ ဒေသတွင်းစစ်ရေးရင်းမြစ်က ဒို့ပြည် ကိုပြောပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ကတော့ ရွှေတောင်ကုတင်(၁၀၀) စစ်ဆေးရုံမှာ သွေးလိုအပ်ချက်များပြားခဲ့ပြီး ပရဟိတအသင်းတွေကလည်း အလှည့်ကျဆိုသလို ရန်ကုန်ကို လူနာပို့သွားနေကြရတယ်လို့ သိရပါတယ်။

“သုံးရက်နေ့ကလည်း သွေးလိုလို့ဆိုပြီး သွေးပရဟိတအသင်းတွေကို တောင်းတာရှိတယ်။ စစ်ဘောမအချင်းချင်းလိုက်တောင်းတာ။ ပျူစောထီးတွေက သွားလှူကြတာလည်း ရှိတယ်။ ရန်ကုန်ကိုသွားရတဲ့လူနာလမ်းကြောင်းတွေလည်းရှိတယ်။” လို့ ဒေသတွင်း စစ်ရေးရင်းမြစ်က ပြောပါတယ်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ လက်ရှိရင်ဆိုင်ထားကြတဲ့ နေရာတွေထဲက ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ဆင်လန်ကျေးရွာအနောက်ဘက် (၂) ကီလိုမီတာ နှင့် (၁.၇) ကီလိုမီတာ အကွာအဝေးနေရာတွေနဲ့ ညောင်ကျိုးကျေးရွာရဲ့ အရှေ့ မြောက်ဘက် (၂.၅) ကီလိုမီတာအကွာအဝေး တောင်ကြောနေရာတွေမှာ စက်တင်ဘာ ၁ ရက်နေ့ကစတင်ကာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဆီက လက်နက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these