

နတ္တလင်းမှာ ဘုန်းကြီးကျောင်းထဲ အခိုင်အမာတပ်စွဲထားတဲ့ စစ်သားတွေထွက်ပြေး
စက်တင်ဘာ ၆၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်ဂိတ်အထိုင်စခန်း ဘုန်းကြီးကျောင်းမှာ ၃ နှစ်ခန့်ဘန်ကာတွေ အခိုင်အမာဆောက်လုပ်ပြီး တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ရဲ့ စစ်သားတွေဟာ စခန်းကို စွန့်ခွါထွက်ပြေးသွားကြ တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ယမန်နေ့ စက်တင်ဘာ ၅ ရက် နံနက်အစော ၁ နာရီခန့်က ထွက်သွားကြတာဖြစ်ပြီး မိုးလင်းချိန်မှာတော့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ဒုရင်းမှူး ဦးဆောင်ပြီး ၃၈၀၁ တပ်ခွဲ ၂၊ ၄၊ ၆ တို့က နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အင်အား ၂၀ ကျော်နဲ့ အခိုင်အမာနေထိုင်ကြတာဖြစ်ပြီး အဲဒီစခန်းကနေ ဆန် ၁၁ အိတ်၊ ပဲ ၂ အိတ်၊ ကျည်အနည်းငယ်၊ ရှေ့ထွက်မိုင်း မြန်မာလုပ်(၁) လုံး၊ နိုင်ငံခြားဖြစ်(၂) လုံး နဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်းနဲ့ လူသုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။