“မြစ်ဝှမ်းဘေးက ပြိုလဲခဲ့တဲ့ဘဝတွေ”

(လူမှုဘဝ)

စက်တင်ဘာ ၁၃၊ ၂၀၂၅။

မြန်မာစကားပုံတခုရှိသလိုပေါ့”ကမ်းနားသစ်ပင်” ဆိုတာ မင်းမူထမ်းတွေရဲ့ဘဝ မတည်ငြိမ်မှုကို ညွှန်းဆိုထားတာပါ။ အဲ့လိုပဲ မြစ်ကမ်းပါးဘေးနေတွေရဲ့ ဘဝတွေကလည်း တည်ငြိမ်စွာ နေထိုင်မှုကို အချိန်အခါမရွေး စိန်ခေါ်ချက်တွေအပြည့်နဲ့ပါ။ ရှေးနှစ်၂၀ ကျော် ၃၀လောက်ကတည်းက မာယာများတဲ့မြစ်ရဲ့ ကြည်စယ်မှုမှာ အိမ်နေရာတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ရေထဲမှာနစ်မြုပ်သွားခဲ့တာ အမြောက်အများပါဘဲ။ ရွာဦးစေတီ၊ ရွာဦးဘုန်းကြီးကျောင်း၊ ကျောင်းစာသင်ကျောင်း၊ ဘောလုံးကွင်းတွေက မြစ်ရဲ့ဒေါသတကြီးဝါးမြိုမှုမှာ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းပါးဆီ အနည်ကျပို့ဆောင်တာ ခံခဲ့ရတာပေါ့။

ထိန်းသိမ်းစောင့်ရှောက်မှုမရှိတော့ သူတို့ကိုလည်း မြစ်ကမညှာခဲ့ဘူးလေ။ အသွားအပြန်ဆိုတာမရှိရင် သက်မဲ့ကလည်း ကိုယ့်ကိုပြန်စောင်းငဲ့မကြည့်တတ်ဘူးလို့ သင်္ခါရသဘောအတိုင်း တွေးမြင်မိပါတယ်။ နှစ်ပေါင်းများစွာ တည်ဆောက် နှစ်ပေါင်းများစွာ စုဝေးခဲ့ရာ နှစ်ပေါင်းများစွာ ခေါင်းပြားပြား အိပ်ခဲ့ရာနေရာတွေက မြစ်လယ်ကောင်ထဲဲမှာ နုန်းမြေအထပ်ထပ်နဲ့ ဖို့သတ်ခံခဲ့ရတယ်။ “သေချင်တဲ့ကျား တောပြောင်း” ဆိုသလို မဟုတ်ခဲ့ရပါဘူး။ သူတို့ခဗျာ ငါ့အိမ်ဆိုတာအရင်က ဟိုဘက်ကမ်းမှာလို့ လက်ညှိုးလေးထိုးပြနေရတဲ့ အခြေဖြစ်ခဲ့တာမို့ အခြေချစရာ စားကျက်ကောင်းလေး ဖြစ်နိုင်ပေါ့ဆိုပြီး ရေစုံရပ်ပြီး နောက်ထပ်နေထိုင်ဖို့ရာ ပန္နက်ချခဲ့ကြတာပါ။

အထက်ကအကြောင်းအချင်းတွေက ကျနော်ရွာလေးမှာ စတင်အခြေချခဲ့တဲ့ အချိန်ကနေ ခုထိကြားနေရတဲ့ မြစ်ကမ်းပါးအကြောင်း အတွေ့အကြုံတွေကို ပြန်လည်မျှဝေကြသူတွေရဲ့အသံတွေ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်နဲ့ မြစ်၊ ချောင်းကမ်းပါးတွေနဲ့ ရင်းနှီးမှုမရှိတာမို့ သူတို့စကားသံတွေ လေထဲပျောက်သွားစမြဲပါ။ အိမ်ထောင်ကျကာစ ဇနီးသည်က ဆွေပြမျိုးပြ အဖြစ် သူမရဲ့ဘကြီးအိမ်ကိုအလည်ခေါ်ရင်း သူမတို့နေအိမ်ဟောင်းကို လက်ညိုးထိုးပြတော့ မြစ်ရဲ့အခြားတဖက်ကမ်းတော်တော်ဝေးဝေးနေရာကို ရောက်နေတာတွေ့ခဲ့ရပါတယ်။

မြစ်တွေချောင်းတွေနဲ့ စိမ်းသလို သူတို့ရဲ့ဖွားဖက်တော်ဖြစ်တဲ့ ရေကြီးတာတွေနဲ့ မဆုံဘူးတော့ ကျနော်ရွာကိုစတင်အခြေချတဲ့နှစ်မှာဘဲ ဆည်တခုကျိုးပေါက်ရာကနေ တသက်တာမကြုံဖူးခဲ့တဲ့ ရေကြီးတာဘယ်လိုမျိုးဆိုတာကို လက်တွေ့ကြုံခဲ့ရပါတယ်။ အိမ်တွေလမ်းတွေကို ရွှံ့နှစ်ရောင်သမ်းနေတဲ့ ချောင်းရေအောက်မှ တမဟုတ်ချင်း ဖုံးလွှမ်းခဲ့ပါတယ်။ အရင်ဆုံးရေလွှမ်းတဲ့ဒဏ်ကို ခံလိုက်ရတာက အိမ်မွေးတရိစ္ဆာန်တွေပဲဖြစ်ပါတယ်။ ချက်ခြင်းနီးပါးရေတက်လာတာမို့ တရိစ္ဆာန်တွေကို ရွှေ့ပြောင်းဖို့ကို အချိန်မရတာကြောင့် မြစ်ထဲနဲ့ ရေလွှမ်းရာ နေရာတွေဆီကို ပေါလောမျောပါခဲ့ပါတယ်။ ထိုအကြောင်းအရာက ကျနော်လက်တွေ့ဖြတ်သန်းခဲ့ရတဲ့ တချိန်ကဖြစ်ခဲ့တာပါ။

သည်နောက်တော့ အဲ့လိုရေကြီးတာကို မကြုံရတော့ပေမယ့် မြစ်ကမ်းပါးကပ်လျက်ရွာမှာ နေထိုင်ခဲ့တာဆိုတော့ ကျေးရွာချင်းဆက် လမ်းတွေပေါ်ကို ရေကျော်လို့ လူတောင်မနည်း ကူးရတဲ့အချိန်တွေကို ခဏခဏကြုံခဲ့ဘူးပါတယ်။ ကျနော်တို့ရွာရဲ့တည်နေပုံကလည်း မြစ်ကမ်းတလျောက် ကပ်လျက်အနေအထားနဲ့ အိမ်ကနည်းပါးလှပါတယ်။ မြစ်ရဲ့ရက်စက်မှုကို မကြာခဏခံနေရတော့ မြစ်နဲ့ဝေးရာကို အိမ်တွေပြောင်းရွှေ့နေထိုင်ကြတာပါ။ မူလရွာကြီးနဲ့ တဖြည်းဖြည်းဝေးလာပြီး မြို့နဲ့လည်း ပိုဝေးလာပါတယ်။

ကျနော်တို့နေအိမ် ရွာရဲ့အရှေ့ဘက်ဆုံးလို့ ပြောရပေမယ့် မူလရွာကြီးထက်ကို မြို့နဲ့ပိုဝေးသွားခဲ့ပါတယ်။ ရွာကအဓိကလမ်းက တချို့နေရာမှာ မြစ်ကမ်းပါးဘေးမှဖြစ်ပေမယ့် လမ်းမရဲ့ အစိတ်အပိုင်းတော်တော်များများကတော့ မြစ်နဲ့အလှမ်းဝေးအောင် ဖောက်ထားတာဖြစ်ပါတယ်။ မြစ်နဲ့ကပ်လျက်လမ်းနေရာတွေကလည်း မြစ်ထဲကို ပဲ့ပဲ့ပါသွားတော့ အိမ်ဝိုင်းတွေထဲကို လမ်းအဖြစ်သွားနေရပါတယ်။ ကျေးလက်ဒေသဖြစ်တာမို့ အိမ်ဝိုင်းပိုင်ရှင်တွေကလည်း သူတို့အိမ်တွေက မြစ်ရန်ကနေ ဖျက်ပြီးအခြားနေရာကို ရွှေ့ပြောင်းခဲ့တာမို့ လွတ်နေတဲ့မြေနေရာကို လမ်းအဖြစ် ကြည်ဖြူစွာပဲ သွားလာခွင့်ပြုတာများပါတယ်။

ကျနော်တို့အိမ်ဝိုင်းတည်နေရာက မြစ်နဲ့ ကိုက် ၃၀၀ကျော်ဝေးပါတယ်။ အဲ့ဒါကလည်း အိမ်ဝိုင်းတည်နေရာကို အရပ်မျက်နှာအရပြောရရင် မြစ်က အနောက်ဖက်နဲ့ မြောက်ဘက်မှာ ရှိတာပါ။ အနောက်ဘက်ကတော့ မြို့ဘက်ကိုသွားတဲ့လမ်းဖြစ်ပြီး အဲ့လမ်းနဲ့ကပ်လျက်စီးနေတဲ့မြစ်နဲ့ဆို ကိုက်၆၀၀ လောက်ဝေးပါတယ်။ ပြောရရင်မြစ်ကမ်းပါးပြိုတဲ့အထဲ မူလနေအိမ်တွေ ပါကုန်တော့ မြစ်နဲ့ဝေးရာ ဒါမှမဟုတ် နောက်ထပ်မြစ်ကမ်းပါးပြိုမှာကို စိုးရိမ်ဖို့မလိုတဲ့နေရာကို ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။

မြစ်ရေ အကြီးအကျယ်တိုက်စားခံရပြီးနောက် မြစ်ထဲပါသွားတဲ့သူအများစုက မူလရွာနဲ့ဝေးရာကို ရွှေ့ပြောင်းရင်း မူလရွာနဲ့ အတော့်ကိုဝေးခဲ့ကြပါတယ်။ မူလရွာကြီးမှာတော့ မြစ်ရေကိုတားဖို့ တမံအကြီးကြီးတခုက မူလရွာကို ပတ်ဝိုင်းထားပေမယ့် မြစ်ကမ်းပါးပြိုတာကို ခံရတဲ့အိမ်တွေကတော့ တမံရဲ့ အပြင်ဘက်ကို ရောက်သွားခဲ့ရပါတော့တယ်။

မြစ်ဆိုတာ စီးဆင်းနေမြဲဆိုသလို မြစ်ရှိရင် ရေကြီးတာလည်း ရှိတတ်တာက သဘာဝတရားပဲဖြစ်ပါတယ်။ အဲ့လိုသဘာဝတရားမှာ ၂၀၂၄ခုနှစ်က မြစ်ရေကြီးမြင့်မှုကတော့ အရင်ရွာဟောင်းကြီး တိုက်စားခံရတာထက်ဆိုးတဲ့ အခြေအနေမျိုးထိအောင် ကြီးမြင့်ခဲ့တာလို့ ဇနီးသည်က ပြောပြခဲ့ပါတယ်။ မနှစ်ကရေကြီးမှုဟာ ကယ်ဆယ်ရေးတွေတောင် နေ့ချင်းရောက်မလာနိုင်တဲ့အထိ ဖြစ်ခဲ့ရပြီး လူတော်တော်များများလည်း ရွာထဲက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေထဲမှာ ပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်။

ကျနော်တို့ရွာကို ကယ်ဆယ်ရေးတွေက နောက်ရက်တွေမှာ ရောက်ရှိလာခဲ့ပေမယ့်၊ ရွာချင်းကပ်လျက်က ကျနော်စာသင်ခဲ့တဲ့ကျေးရွာလေးကိုတော့ သွားရောက်ကယ်ဆယ်ဖို့ စစ်တပ်ကတားဆီးနေခဲ့လို့ အဆိုပါကျေးရွာလေးက ရေဘေးသင့်ပြည်သူတွေ အတော်လေးကို ဒုက္ခများခဲ့ကြပါတယ်။ ကျနော်ကိုယ်တိုင် ကျနော်တို့ရွာလေးထက် ကျနော့်စာသင်ကျောင်းရှိရာ ကျေးရွာလေးကပြည်သူတွေကို ကယ်ဆယ်ပေးဖို့ ကယ်ဆယ်ရေးအဖွဲ့များကို အကူအညီတောင်းခံခဲ့ပေမယ့် သူတို့ကို အထက်ကစစ်ဗိုလ်တွေက အဲ့ရွာကို မကယ်ခိုင်းဘူးလို့ သူတို့က ဝမ်းနည်းစွာပြောခဲ့ပါတယ်။ တကယ်တမ်း ရေဘေးသင့်သူတွေက ပြည်သူစင်စစ်တွေ ဖြစ်ခဲ့ပေမယ့် အဆိုပါကျေးရွာလေးက သူတို့စစ်တပ်ကို ဆန့်ကျင်အာခံသူတွေကို အားပေးနေတဲ့ရွာလို့ သတ်မှတ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေကို တားမြစ်ခဲ့တာပဲဖြစ်ပါတယ်။ ရေတက်ပြီး ရက်အတော်ကြာမှသာ ကယ်ဆယ်ရေးအအဖွဲ့တွေ ကျနော်ချစ်တဲ့ ရွာလေးဆီ လာရောက်နိုင်ခဲ့ပါတယ်။

ပြောရရင် ပြည်သူတွေကို ရင်ဝယ်သားလို သဘောမထားပဲ ပြည်သူတွေအတိဒုက္ခရောက်နေတာတောင် ကိုယ်ကိုတိုင် ကူညီကယ်ဆယ်ဖို့ အသာထားလို့ အခြားသူတွေ ကူညီမှုတွေကို ဟန့်တားနှောင့်ယှက်တဲ့ လူထုအာဏာလုယူထားတဲ့ ဖက်ဆစ်စစ်တပ်ရဲ့ လုပ်ရပ်တွေကတော့ စစ်ဖိနပ်အောက် စရောက်ခဲ့တဲ့ ဗိုလ်နေဝင်းလက်ထက်ကစလို့ သူ့အာဏာကိုဆက်ခံကြတဲ့ လူသတ်ကောင် စစ်ဗိုလ်ချုပ်တွေရဲ့ အစဉ်အဆက် ဆက်ခံထားတဲ့ အမွေဆိုးပဲဖြစ်ပါတယ်။ ဖက်ဆစ်ကောင်တွေရဲ့ လူထုအပေါ်ထားတဲ့ ရွှေမေတ္တာကတော့ ကြီးကြီးလွန်းလှပါရဲ့ဗျာ။

ယခုနှစ်မှာတော့ ဧပြီလမှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းမဟာ ငလျင်ကြီးကလည်း ဘေးဒုက္ခပေါင်းစုံသင့်နေတဲ့ ဗမာပြည်သူတွေကို ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဒုက္ခအပေါင်းနဲ့ နလံမထူနိုင်တဲ့ပြည်သူတွေအတွက် နောက်ထပ်ရက်စက်တဲ့ သဘာဝဘေးကြီးပဲဖြစ်ခဲ့ပါတယ်။ ငလျင်ဗဟိုချက်နဲ့ ဝေးခဲ့သမို့ ကျနော်တို့ရွာလေးက ငလျင်ဒဏ်ကြောင့် ပျက်ဆီးမှု နည်းခဲ့ပါတယ်။ အပြင်ပိုင်းက ငလျင်ဒဏ်ကိုခံရတာ များများအမြင်ခဲ့ရပေမယ့် မြစ်အောက်ခြေမှာ မမြင်နိုင်တဲ့ ပြောင်းလဲတွေ ဖြစ်ခဲ့တာတော့ သေချာတယ်လို့ ကျနော်ထင်မြင်ခဲ့ပါတယ်။ ရွာက လူတွေကိုလည်း မြစ်အခြေအနေကိုမေးတော့ မြစ်ထဲမှာတော့ မမြင်ရတော့မပြောတတ်ပေမယ့် လယ်ကွင်းတွေမှာ အက်ကြောင်းကြီးတွေဖြစ်နေပါတယ်လို့ ပြန်ပြောကြပါတယ်။ အရင်က မြစ်ကမ်းဘေးနေရာဖြစ်ခဲ့တဲ့ ကျနော်တို့အိမ်ဝိုင်းထဲမှာလည်း အက်ကြောင်းတခုဖြစ်ခဲ့တယ်လို့ အိမ်သားတွေက ပြန်ပြောကြပါတယ်။

မြစ်ကမ်းပါအခြေချနေသူတွေရဲ့ ထုံးစံအတိုင်း အထက်ဘက်မှာ မိုးတိမ်တွေမဲလာရင် မြစ်အခြေအနေကို စောင့်ကြည့်ရတာက အရင်ကများများမရှိခဲ့ပေမယ့် ၂၀၂၄ခုနှစ်က ရေကြီးခဲ့ဒဏ်ရာက ရထားဖူးတော့ အခုနောက်ပိုင်း မိုးလေဝသအခြေအနေကို နားစွင့်နေကြသူတွေပိုများလာခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ရေကြီးတဲ့ သတင်းလေးများပါခဲ့ရင် တယောက်ကိုတယောက် သတိပေးကြတာတွေလည်း ပိုများလာပါတယ်။ တကယ်တမ်းဖြစ်လာပြန်လာတော့လည်း ထုံးစံအတိုင်း တိမ်းရှောင်ဖို့ကလည်း သိပ်တော့လွယ်လှတာမဟုတ်ပါဘူး။ အကြောင်းကတော့ အရင်ကအခြေအနေလို လူမှု့စီးပွားအခြေအနေက သူများအိမ်တွေကို သွားရောက်တည်းခိုဖို့ရာ အလွန်ပဲ ခက်ခဲလှပါတယ်။

ချွတ်ခြုံကျနေတဲ့ စီးပွားရေးက ကျေးလက်တောရွာတွေကို ထိခိုက်မှုများနေတော့ ဘေးသင့်ကာမှသာ အရပ်တပါးကို ခတ္တရှောင်တိမ်းကြတာပါ။ အချိန်မီ ရေတက်လာမှာ သိပေမယ့် အခြေအနေမဆိုးမချင်း နီးစပ်ရာကျေးရွာတွေကို ရွှေ့ပြောင်းဖို့ဆိုတာက တော်တော်လေးကို ခက်ခဲနေခဲ့ပါတယ်။ ကိုယ်သွားရောက်မယ့်အိမ်ရှင်ရဲ့ လက်ခံကျွေးမွေးထားနိုင်ဖို့ဆိုတာက သဒ္ဒါမချို့ပေမယ့် လက်ထိလက်ရောက် ကူညီနိုင်ဖို့က အတော်လေးခက်ခဲနေတဲ့ စီးပွားရင်းမြစ်အခြေအနေဆိုးကြီးက ဗမာတပြည်လုံးကို ကပ်သင့်နေခဲ့တာဖြစ်ပါတယ်။

ဒီနှစ်တော့ ရေကြီးတက်တဲ့ ဝါဆိုဝါခေါင် ရေဖောင်ဖောင် ကာလကိုကျော်လာခဲ့ပေမယ့် မြစ်ရေက တအားမတက်လာခဲ့တော့ ရွာကလူတွေရင်အေးနေခဲ့ပါတယ်။ ဒါပေမယ့် အဆိုးတရားကတော့ အမြဲတမ်း လူတွေရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်ခဲ့တာပါဘဲ။ ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ မြစ်ကမ်းပါးတွေက အလွန်အမင်း ပြိုဆင်းလာပါတယ်။ မိုးဦးကျကာစမှာ ရေအနည်းတက်ခဲ့ပေမယ့် စိုးရိမ်လောက်တဲ့အနေအထားမရှိခဲ့ပါဘူး။ သို့သော်လည်း မြစ်ရေကျသွားတာနဲ့ ကမ်းပါးတွေကဆက်တိုက်ပြိုဆင်းလာတယ်လို့ ရွာကလူတွေက ပြောကြပါတယ်။ အိမ်ကိုလည်း အခြေအနေကို မေးကြည့်တော့ ည ည ကမ်းပါးပြိုသံတွေက မြစ်နဲ့အတန်ငယ်ဝေးတဲ့ အိမ်ကနေပါ ကြားနေရတယ်လို့ ပြောပါတယ်။

ကျေးရွာချင်းဆက်လမ်းမ မြစ်ထဲပါသွားလို့ အိမ်ကြိုအိမ်ကြားကနေ သွားနေရတာ၊ စာသင်ကျောင်းကိုသွားဖို့ ကလေးတွေကို ကျောင်းပို့၊ ကျောင်းပြန်မှာလည်း လမ်းမရှိတော့တဲ့အတွက် ရေလွှမ်းနေတဲ့ အိမ်ဝိုင်းတွေကြားကနေ ရေကူးတတ်သူတွေက သွားရောက်စောင့်ဆိုင်း ကြိုပို့ကြတာတွေကို ရွာကလူတွေတင်တဲ့ TikTok ပေါ်မှာ မြင်တွေ့နေရပါတယ်။ မြစ်ထဲပါသွားတဲ့ အိမ်ဝိုင်းတွေကလည်း တနေ့တခြားပိုများလာပါတယ်။ ကျနော့်တူမလေးအိမ်ဆိုရင် မနှစ်ကမှ ကြိုးကြိုးစားစားနဲ့ အခြားတိုင်းပြည်မှာ အလုပ်လုပ်ပြီး သူတို့မိသားစု မပိုင်ဘူးသေးတဲ့ ကိုယ်ပိုင်အိမ်ဝိုင်းလေးကို ဝယ်ထားခဲ့တာပါ။ ဒီတပတ်အတွင်းမှာပဲ သူမဝယ်ထားတဲ့ အိမ်ဝိုင်းလေးက မြစ်ကမ်းပါးဘေးဖြစ်သွားခဲ့ရပါတယ်။ မြစ်ထဲမပါအောင် အိမ်ကိုတော့ ဆွေမျိုးတွေရှိရာ မြေကွက်လပ်လေးဆီ သယ်ယူခဲ့ရပါတော့တယ်။

ကမ်းပါးပြိုတာနဲ့ မြစ်ထဲပါမသွားအောင် အိမ်တွေကို ဖျက်သယ်ကြတာကလည်း လွယ်လှတာမဟုတ်ပါဘူး။ တစ်ဧကကို ပေါက်ဈေးသိန်းတစ်ရာနီးပါးဖြစ်နေတဲ့ လယ်မြေတွေကို ဝယ်နိုင်ဖို့ဆိုတာက တော်တော်ကို ခက်ခဲနေတဲ့ အနေအထားဖြစ်ပါတယ်။ ရောင်းသူကလည်း သူ့လယ်မြေကို ပိုင်းမရောင်းပဲ အကွက်အရှိအတိုင်း ရောင်းချင်တာမို့ ဝယ်ဖို့ရာမှာ အတော်ပဲခက်ခဲလှပါတယ်။ ရောင်းရင်တောင်မှ ဝယ်နိုင်ဖို့ဆိုတာကလည်း လက်ရှိကျရှုံးနေတဲ့တိုင်းပြည်ရဲ့ စီးပွားရေးမှာ ထမင်းတောင်နပ်မှန်ဖို့ခက်နေတာက ပကတိအရှိတရားဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ မြေနေရာရှိမှ ဖြစ်တော့မယ့်အနေအထားကိုတော့ သူတို့ဖြတ်ကျော်နေရပါတယ်။

မြစ်ကမ်းပါးပြိုတာဟာ သဘာဝဘေးဆိုပေမယ့် ကူညီကယ်ဆယ်ဖို့က ဘယ်သူတာဝန်လဲလို့ မေးလာခဲ့ရင် ဒီလိုခေတ်ဆိုးကြီးထဲမှာ လူထုကို စာနာကူညီဖို့မပြောနဲ့ နေ့စဉ်နဲ့အမျှ နည်းမျိုးစုံနဲ့ လူထုကို သတ်ဖြတ်ညှင်းဆဲနေတဲ့ ဖက်ဆစ်ကောင်တွေရဲ့ အောက်မှာတော့ လူသားချင်းစာနာမှုဆိုတဲ့တရားက လားလားမှ ရှိမနေခဲ့ပေ။ ကူညီဖို့ဆိုတာထက် ကိုယ့်အသက်ကို ရန်မရှာဖို့ မနည်းကို ကြည့်နေ၊ ကြည့်စား ကြည့်သွားနေရတဲ့ ကာလဆိုးကြီးကလည်း ပျက်ဖို့ဦးတည်နေတဲ့ ကျေးရွာလေးကို ပိုပျက်စေမှာ အမှန်ပဲဖြစ်ပါတယ်။

မြစ်ကမ်းပါးတွေပြိုတော့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ မြစ်ကမ်းပါးက ကိုယ့်အနားမရောက်ခင် ကြိုပြီးဖျက်ရွှေ့ရတာပါ။ အိမ်တွေ၊ ကျောင်းတွေ က ဖျက်ရွှေ့လို့ရပေမယ့် ဖျက်ရွှေ့လို့ မရတာတခုကလည်းရှိနေပါတယ်။ အဲ့ဒါကတော့ ကျေးရွာသင်္ချိုင်းပဲဖြစ်ပါတယ်။ မြစ်ရေလွှမ်းနေချိန်မှာ အသုဘချဖို့တောင်မှ အလွန်ခက်ခဲနေပါတယ်။ သင်္ချိုင်းဇရပ်က ရေတွေတက်နေတော့ ကျေးလက်ထုံးစံအတိုင်း ကွယ်လွန်သူကို သရဏဂုံတင်ဖို့ အခမ်းအနားကို ဇရပ်မှာ မလုပ်နိုင်လို့ နာရေးအိမ်မှာပဲ သင့်လျော်သလို လုပ်ကြရသလို နာရေးပို့ဆောင်သူတွေက ခါးဝက်လောက်ရှိတဲ့ရေထဲကို ဖြတ်လျှောက်ပြီး ပို့ဆောင်မြုပ်နေရပါတယ်။

ကမ်းပါးတွေကတော့ ဆက်တိုက်ပြိုနေသလို မြစ်ရေကလည်း တက်လိုက်ကျလိုက် ကမ်းပါးတွေက ပြိုလိုက် ငြိမ်နေလိုက်နဲ့ ကာလတွေက စိပ်လာခဲ့ပါတယ်။ နေအိမ်တွေကိုလည်း တဦးကဖျက်ပြီးရွှေ့လိုက် အများကဝိုင်းကူလိုက် နောက်ထပ်တဦးကဖျက်ပြီးရွှေ့လိုက်နဲ့ ကျေးရွာသားတွေကတော့ အတော့်ကို ပျားပန်းခတ်မျှအလုပ်တွေရှုပ်နေပါတယ်။ အဲ့လိုပူပန်စရာတွေ ပြည့်နှက်နေတဲ့အချိန်မှာပဲ ကျနော်ဇနီးသည်ရဲ့ ဘကြီးဖြစ်သူက ဆုံးပါးခဲ့ပါတယ်။ တနေ့တည်းမှာပဲ တအိမ်ကျော်က မျက်မမြင် အမေကြီးလည်း ဆုံးပါးခဲ့ပါတယ်။ လူဆိုတာသေမျိုးမို့ နာကြ၊ သေကြရတာက သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် ကျနော့်ဇနီးသည်ရဲ့ ဘကြီးနဲ့ အမေအိုကြီးတို့ ကွယ်လွန်ချိန်ကတော့ ရွာမှာ မြစ်ရေတက်ပြီး ကမ်းပါးပြိုတာတွေ ဖြစ်နေတဲ့အချိန်အခါကြီးနဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။

ရွာထုံးစံအတိုင်း ကွယ်လွန်သူတွေကို အိမ်မှာသုံးရက်ထား သုံးရက်မြောက်နေ့မှာ ကျေးရွာသုဿန်မှာ မြေချကြရတာဖြစ်ပါတယ်။ ရွာမှာတော့ အုတ်ဂူသွင်းကြတာများပါတယ်။ ဘကြီးနဲ့ အမေအိုကြီးတို့ရဲ့ မြေချရက်မတိုင်မီမှာတော့ မြစ်ရေကတိုးလာတော့ သင်္ချိုင်းမှာ အုတ်ဂူဆောက်ဖို့ မလွယ်တဲ့ အနေအထားဖြစ်နေပါတယ်။ ရေက သုဿန်မြေပေါ်ကိုပါ တက်နေတာမို့ အုတ်ဂူဆောက်ဖို့က မဖြစ်နိုင်ပဲရှိနေပါတယ်။ အုတ်ဂူက တရက် နှစ်ရက်ကြိုဆောက်ကာ မြေချချိန်မှ လှပ်ထားတဲ့ အပေါက်ဝကို ပိတ်လိုက်တာပါ။ ရေတက်နေတော့ မြေချတဲ့ရက်မှာတော့ အုတ်ဂူမဆောက်နိုင်ရင်တောင် မြေမြုပ်ဖို့ အဆင်သင့်ပြင်ထားပေမယ့် နာရေးမြေချမယ့် အချိန်အထိ ရေကမကျတာမို့ မြေကျင်းတူးလို့တောင် မဖြစ်တော့တဲ့ အနေအထားဖြစ်နေပါတယ်။

နောက်ဆုံးမှာတော့ ကွယ်လွန်သူတွေရဲ့ မိသားစုတွေ ခေါင်းချင်းဆိုင်တိုင်ပင်ပြီးနောက် ကွယ်လွန်သူဘကြီးရဲ့ ညီအရင်းဖြစ်တဲ့၊ ကွယ်လွန်တာမကြာသေးသလို ဂူသွင်းမြုပ်နှံထားတဲ့ ကျနော့်ဇနီးသည်ရဲ့ ဖခင်ကြီးအုတ်ဂူထဲကိုပဲ ထည့်သွင်းမြုပ်နှံလိုက်ရပါတော့တယ်။ အမေအိုကြီးကိုလည်း သူ့မရဲ့ ညီမဖြစ်သူမြုပ်နှံထားတဲ့ အုတ်ဂူကိုပဲဖောက်ပြီး နှစ်လောင်းထပ် မြုပ်နှံလိုက်ရပါတော့တယ်။ အဆိုပါဖြစ်ရပ်ကတော့ ရွာမှာ ပထမဆုံးကြုံဘူးတဲ့ ဖြစ်ရပ်လို့ ဇနီးသည်က ဝမ်းနည်းသံလေးစွက်လို့ ပြောရှာပါတယ်။

ဖက်ဆစ်တစ်သိုက်ကတော့ လူမျိုးစုံပြည်သူတွေကို နည်းလမ်းစုံစွာနဲ့ နှိပ်စပ်သတ်ဖြတ်နေဆဲဖြစ်ပါတယ်။ လူသုံးဦးမှာ တစ်ဦးကတော့ ငတ်မွတ်ခေါင်းပါးတဲ့ဘေးဒဏ်သင့်နေပြီလို့ နိုင်ငံတကာကလည်းပြောနေကြပါတယ်။ ဖက်ဆစ်ဒဏ်သင့်နေတဲ့ ဗမာတပြည်လုံးမှာ နေထိုင်ရာအိုးအိမ်တွေ ဖက်ဆစ်ကောင်တွေဖျက်ဆီးလို့ နေစရာမရှိတော့တဲ့ပြည်သူတွေလည်း တနေ့တခြားပိုတိုးလာပါတယ်။ ဖက်ဆစ်တစ်သိုက် အာဏာသိမ်းချိန်ကနေ ယခုအချိန်အထိ လူနေအိမ်ပေါင်း သုံးသိန်းကျော်ကို မီးလောင်တိုက်သွင်းထားခဲ့ပါတယ်။

အချိန်တန်လို့ အိမ်ပြန်နိုင်ခဲ့ရင် အသီးတွေဝေဆာနေတဲ့ လောင်ဂန်ပင်တွေ၊ အပင်နဲ့မမျှအောင်သီးတဲ့ ပိန္နဲပင်လေးတွေနဲ့ အရိပ်ကောင်းနေတဲ့ ကျနော်နေထိုင်ခဲ့တဲ့ အိမ်လေးကတော့ အရင်နေရာလေးမှာ မရှိနိုင်တော့ပါဘူး၊ ဘယ်နေရာသစ်မဆို ရွှေ့ပြောင်းရမယ်မှန်း မသေချာသေးတဲ့ ကျနော့်အိမ်ဝိုင်းထဲက စာကြည့်တိုက်လေးလည်း ကျနော်အပြန်ကို မျှော်လေမလား၊ လောကဓံတရားရှစ်ပါးမကနဲ့ နပန်းသတ်နေခဲ့တာ အသားကျနေတော့ ထပ်တိုးလာတဲ့ လောကဓံတခုကိုတော့ တွေးမကြောက်တတ်တော့ပါဘူး။ လူမဆန်တဲ့ကောင်တွေ အုပ်စီးထားတဲ့ ကောင်းကင်အောက်မှာ မျှော်လင့်လို့ရတာက ရန်သူသေပြီး ကိုယ်မသေရဖို့ပါဆိုတာကို သတိကပ်ထားဖို့ပါပဲလေ။

အချိန်ကတန်တော့မှာလား အိမ်ကရော ရှိနေအုံးမှာလားဆိုတာကို ကြိုတွေးဖို့ ကျနော့်မှာ ခုထိ ပြင်ဆင်ထားစိတ်လေးတော့ ရှိမနေသေးတာအမှန်ပဲဖြစ်ပါတယ်။ ဗမာပြည်တဝန်းက လူမျိုးစုံပြည်သူတွေအပေါင်းကို အကြမ်းဖက်နည်းမျိုးစုံနဲ့ ညှင်းဆဲ၊ ဖိနှိပ်၊ သတ်ဖြတ်နေတဲ့ ဖက်ဆစ်အပေါင်း ကျိန်ဆိုလိုက်တယ်၊ မင်းတို့အရိုးတွေကို ငါတို့မြစ်ဝှမ်းကို ဖို့ပစ်မယ်လို့။

ရေးသားသူ-သူရိန်သစ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these