ပြည်မြို့ခံ CDM ရဲတပ်သား ကိုမင်းသူရကျော် ကို အာဏာသိမ်းစစ်တပ်က ထောင်(၉) နှစ်ချ

စက်တင်ဘာ ၁၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ခံ CDM ရဲတပ်သား ကိုမင်းသူရကျော် ကို အာဏာသိမ်းစစ်တပ်ရဲ့ နေပြည်တော်ရဲတရားရုံးကနေ ထောင်(၉) နှစ် ချမှတ်လိုက်တယ်လို့ ပြည်ခရိုင်နိုင်ငံရေးအင်အားစုတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ၇က်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် ဒဂုံမြို့မ ရဲစခန်းမှာ ၇ လခန့်ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

ကိုမင်းသူရကျော် ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က မှော်ဘီမြို့ တည်းခိုခန်းတခုမှာ ညအိပ်နားနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မှတ်ပုံတင်စစ်ဆေးတဲ့ PSMS နည်းပညာကြောင့် အဖမ်းခံလိုက်ရတာလို့ ဖြစ်စဉ်ကို သိရှိထားသူ တဦး က ပြောပါတယ်။

“အလွန်ဆုံး ငါးနှစ်လောက် ကျရမယ့် အမှုကို CDM တပ်သားတယောက်ဖြစ်နေလို့ အညှိုးရှိရှိနဲ့ ကိုးနှစ်အထိ ချလိုက်တာပါ။ မတရားဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားပါမယ်။” လို့ ပြည်-အကသ အမှုဆောင်တဦး က ဒို့ပြည် ကိုပြောပါတယ်။

ဒဂုံမြို့မစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး CDM လုပ်မှု၊ သူရဲဘောကြောင်မှု၊ ခွင့်မဲ့ပျက်ကွက်မှု၊ ထောက်ပံ့ပစ္စည်းဆုံးရှုံးမှု၊ NLD လက်ထက်က ပေးခဲ့တဲ့ ထောက်ပံ့ကြေးငွေ အတွက်တမှု စုစုပေါင်း ၅ မှု နဲ့ ထောင်(၉) နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

“သူက ထောက်ပံ့ကြေးတွေကို လျှော်ပေးပြီးသားပါ။ သူပြန်ရောက်လာပြီး ရန်ကုန်က ဆန္ဒပြပွဲတွေမှာပါဝင်တာတွေ ရှိပါတယ်။ ပြည်အကျဥ်းထောင်က အကသ ရဲဘော်တွေအတွက်လည်း သူပဲ ပါဆယ်တွေပို့ပေးနေခဲ့တာပါ။” လို့ ပြည်ခရိုင်နိုင်ငံရေးအင်အားစုထဲက တဦးကလည်း ပြောပါတယ်။

ကိုမင်းသူရကျော် ဟာ ကျန်းမာရေးကောင်းမွန်ပြီး မိသားစုနဲ့လည်း တွေ့ခွင့်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုမင်းသူရကျော် ဟာ NLD အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ရဲတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these