🟥 စစ်မှုထမ်းဖမ်းဆီးမှုကနေ သိန်းရာထောင်ချီရနေလို့ မပြောင်းသေးဘဲ ဆက်နေ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးဇော်မင်းသိန်းကို မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့သို့ ပြောင်းရွေ့နေရာချထားမိန့် ကျထားပြီဖြစ်တယ်လို့ မြို့ခံနိုင်ငံရေးအင်အားစုတွေဆီက သိရပါတယ်။
ရုံးချုပ်ကနေ ပြောင်းရွေ့မိန့်ကို စက်တင်ဘာလဆန်းကတည်းက ချထားပေးပြီးဖြစ်သော်လည်း လက်ရှိ စက်တင်ဘာလ ၁၈ ရက်နေ့အထိ မပြောင်းသေးဘဲ ပြည်မြို့မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
“ပြည်မှာ စစ်မှုထမ်းကို အဓိကဆွဲနေတာက မတ်တူး အဖြူရောင်ကိုစီးနေတဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းပါ။ ပြည်ကနေ အခုချိန်ထိမပြောင်းသေးပါဘူး။ ရသမျှယူအုံးဖို့ထင်တယ်။” လို့ ပြည်မြို့ခံ နိုင်ငံရေးအင်အားစုဝင်တဦးက ဒို့ပြည် ကို ပြောပါတယ်။
ဇော်မင်းသိန်းဟာ ပြည်မြို့မှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် (၅) နှစ်ကျော်ကြာ တာဝန်ယူထားသူဖြစ်ပြီး အုပ်ချုပ်ရေးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒုမြို့နယ်ရာထူးရှိသူတွေကို တမြို့နယ်မှာ (၃) နှစ်ကနေ အများဆုံး(၅) နှစ် တာဝန်ပေးကာ ပြောင်းရွေ့ရလေ့ရှိပြီး ယခုတကြိမ်ပြောင်းရွေ့မှုမှာလည်း အခြား ဒုမြို့နယ်အုပ်ချုပ်ရေးမှူးများစွာလည်း ပြောင်းရွေ့ကြရတယ်လို့ အုပ်ချုပ်ရေးဝန်ထမ်းဟောင်းတဦး ကပြောပါတယ်။
“စစ်မှူထမ်းကိစ္စ ဝေစုမတည့်လို့ အချင်းချင်း တိုင်တာကနေ ဆင်ပေါင်ဝဲမြို့ကို ခုလကုန်ပြောင်း ရွှေ့ရမယ်သိရတယ်” လို့ ဒို့ပြည်ရဲ့ စစ်ရေးရင်းမြစ်က လည်း ပြောပါတယ်။
ဇော်မင်းသိန်းဟာ ၂၀၂၂ ခုနှစ် နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ပြည်မြို့အထွက် နဝဒေးလမ်းမကြီးနဲ့ ဘုရင့်နောင်လမ်းကြီးဘေးက အိမ်တွေနဲ့ ဆိုင်တွေကို ကျူးကျော်ဟု ဆိုကာ ဖျက်ရာမှာလည်း အဓိကဆောင်ရွက်သူများထဲက တဦးလည်ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်မြို့နယ်စစ်မှုထမ်းဖမ်းဆီးရာမှာ သူ့ရဲ့အိမ်စီးကားကို မောင်းကာ လိုက်လံဖမ်းဆီးသူဖြစ်ပြီး ဖမ်းဆီးခံရသူတွေနဲ့ ငွေညှိနှိုင်းတာတွေကိုလည်း ပြုလုပ်လေ့ရှိသူလို့ သိရပါတယ်။
ပြည်မြို့နယ််မှာတော့ စစ်မှုထမ်းဖမ်းဆီးခံရသူတဦးကို ပြန်လည်ရွေးယူလိုပါက သိန်း(၈၀) ဝန်းကျင်ပေါက်စျေးရှိတဲ့အတွက် နေ့စဉ်ဖမ်းဆီးမှုတွေကနေလစဉ်ဆိုသလို သိန်းပေါင်းထောင်ချီငွေတွေကို မြို့စီမံအဖွဲ့တာဝန်ရှိသူတွေဟာ ခွဲဝေယူနေကြပြီး အုပ်ချုပ်ရေးဌာနဝန်ထမ်းတဦးအဖို့ အိမ်မက်ပင်မမက်ဖူးတဲ့ ဝင်ငွေဖြစ်တဲ့အတွက် လောဘတကြီးနဲ့ လူငယ်တွေကို ဖမ်းဆီးနေကြတယ်လို့ မြို့ပေါ်အသိုင်းအဝိုင်းဆီက သိရပါတယ်။
ပြည်မြို့နယ်က စစ်မှုထမ်းအပတ်စဉ်(၁) ခု ကို လူ(၄၀) ပေးပို့ရပြီး နေ့စဉ်ဖမ်းဆီးခံရတဲ့ လူငယ်အရည်အတွက်ဟာ ပျှမ်းမျှ(၇) ဦးခန့်ရှိတဲ့အတွက စစ်မှုထမ်းခေါင်းစဉ်အောက်မှာ လူမှောင်ခိုအရောင်းအဝယ်စျေးကွက်က ကြီးကြီးမားမား ရှိနေတယ်လို့ နိုင်ငံရေးအင်အားစုတွေဆီက သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
#ပြည်မြို့နယ် #အုပ်ချုပ်ရေး #စစ်မှုထမ်း #လူငယ်ရေးရာ #ဖမ်းဆီးမှု #လူထု #သတိပြုပါ #ဝန်ထမ်း #အကျင့်ပျက်ခြစားမှု #လာဘ်စားမှု #ပေါ်တာဆွဲ