

(သရော်စာ)
စက်တင်ဘာ ၂၈၊ ၂၀၂၅။
“မင်္ဂလာပါ ဆာဇေ”
“ထပ်တူပါ မောင်မှတ်ရေ”
“ဆာဇေ သတိထားမိလားဗျ အခုတလော”
“ဘဇာ အရေးများပါလိမ့် မောင်မှတ်ရေ၊ လျှပ်စစ်မီးပျက်တာ အရင်လိုပုံမှန်မဟုတ်တော့တဲ့ကိစ္စလား၊ အော်ရီဒူးကနေ ယူနိုင်းဖြစ်သွားတဲ့ကိစ္စလား၊ ကမ္ဘာကျော်အနောက်တိုင်းသီချင်းတွေကို ၂ တန်းကျောင်းသူအလီကျက်သလို ဆိုနေတဲ့ဆယ်လီမကိစ္စလား”
“ဟာ ဆာဇေတို့ကတော့ပြောရော့မယ် မထော်မနန်းတွေ။ ကျနော်ဆိုလိုတာက အခုလတ်တလော ပလ္လင်ပေါ် ထီးဖြူမိုးပြီးဘာညာသာရကာ ဝါစာကမာလုပ်နေတဲ့ မယ်တော်တွေ၊ဘိုးတော်တွေ စတီးလက်ကောက်သံတညံညံဖြစ်နေတဲ့ ကိစ္စတွေလေဗျာ”
“အေးလေ မွန်ပြည်နယ်ဘက်မှာမှတ်တယ်၊ အဲ့ဒါဘာထူးလို့လဲ မောင်မှတ်ရဲ့”
“ထူးပြီလား ဆာဇေရဲ့၊ အဲ့သဟာတွေက ဟိုကိုသောင်းလှိုင်သား အာဏာရှင်ရူးအတွက်နိမိတ်တွေပေါ့ဗျ”
“အလို ဆန်းကြယ်လှချည့်ရဲ့ ကိုကိုမှတ်ရယ် လင်းစမ်းပါအုန်း”
“ဟော ဆာဇေကလုပ်ပြီ၊ ကျနော်ကအရမ်းတွေပြောကြည့်မလို့ရှိသေး ငေါ့တော့တော့နဲ့ အဟင်းဟင်း။ ဟို မအလသမ္မတရူးရူးလိုက်တာများ ၄နှစ်ကျော်ကာလအတွင်း မီယမ်မာနိုင်ငံခမျာ ကျွန်စုပ်ပစ်တဲ့သရက်စေ့ဆိုတာလို ဖြစ်နေပါပကော။ မအလအရူးထပြီး သမ္မတပလ္လင်ပေါ်တက်နေတာ ပြုတ်ကျဖို့၊ ဆွဲချခံရဖို့ အခုအတိတ်နိမိတ်တွေ ပြနေပြီလို့ပြောချင်တာဗျို့”
“သွားပြောမနေနဲ့တော့ မောင်မှတ်ကြီးရေ့။ တော်ကြာသတိထားမိပြီး ဟိုယတြာလုပ်၊ ဒီဓာတ်ရိုက်ဓာတ်ဆင်လုပ်နဲ့ သောက်လုပ်ရှုပ်နေဦးမယ်။ အခုတောင် မော်စကိုခရီးမှာအုပ်ကြီးတစ်ယောက်ကို လက်ဖက်သုပ်ကျွေး၊ လက်ဖက်ရည်တိုက်လုပ်နေသတဲ့၊မဆီမဆိုင် ငါးသလောက်ပေါင်းလေးတောင်ကျွေးသေး ဆိုလားပဲဟ”
“အဟေးဟေး ပေါင်းစားရင်အရိုးပါစားရတယ်ဆိုတဲ့ အနက်ယူတာလားမှမသိတာဆာဇေရဲ့၊ မအလက သူသောက်ရူးထပြီးမွှေနှောက်ထားလို့ အရိုးချည်းကျန်တဲ့မီယမ်မီမာနိုင်ငံကို ပေါင်းစားကြပါစို့လို့ နိမိတ်ယူတာနေမှာပေါ့”
“ဟားဟား အရိုးကိုက်တွေလို့အပြောမခံဘူးပေါ့လေ။ မအလရဲ့ယတြာကစွမ်းလားမစွမ်းလားတော့ မပြောတတ်ဘူးဟ မှတ်ကြီးရ။ အမေဒိကန်ကြီးကတော့ မြောက်ကိုရီးယားနဲ့လက်နက် အရောင်းအဝယ်လုပ်လို့ဆိုပြီး ကုမ္ပဏီနဲ့လူအချို့ကို စီးပွါးရေးပိတ်ဆို့လိုက်သတဲ့ဟ”
“မအလ အခုလိုအာဏာရူးပြီးအိမ်မြှောင်အမြီးပြတ်၊ ွေးနာလောက်ကိုက်လုပ်နေတာဝမ်းသာတယ် ဆာဇေ”
“ဘာပုလို့များပါလိမ့် မောင်မှတ်ရဲ့”
“ဘာဖြစ်လို့လဲဆိုတော့ ဘက်မလိုက်နိုင်ငံခြားရေး မူဝါဒကြီးကို ပေလျကန်ထားပြီး မအလအာဏာငန်းမန်းထလာလိုက်တာ ကမ္ဘာမှာနာမည်ဆိုးနဲ့ကျော်ကြားနေကြတဲ့ အာဏာရှင်တွေကို ဖင်ရက်ဆားဖြူးလုပ်ရပ်ကြီးတွေက သက်သေခံနေပြီလေ၊ မအလဘယ်လဲဘာလဲပေါ့။ ဒါတောင်သောက်ရှက်မဲ့ပြီး အမေဒိကန်ဘက်ယိမ်းဖို့ဒေါ်လာတွေသန်းချီသုံးတာရှိသေး။ မအလ နံဂခြားရေးမူက ဟိုပေါင်ကပ်ဒီပေါင်ကပ်လား မသိဘူးဗျနော်”
“မပြောတတ်တော့ပါဘူး မှတ်ကြီးရာ။ ဂလိုဉာဏ်တုံးဉာဏ်မဲ့ လူစုတ်ပဲ့ကို ဦးတော်တင်ထိပ်မှာထားနေကြပြီး ရွေးကောက်ပွဲဝင်ဖို့ ဖင်တကြွကြွ ရင်တမမလုပ်သူတွေလည်းအံ့သြပါ့ကွာနော”
“အဟေးဟေး ရွာက ဘကြီးပြောတဲ့ပုံပြင်လေးသတိရသေးသဗျ။ တခါက ရွာတရွာမှာ အရူးတစ်ယောက်ရှိသတဲ့ဗျ။ အရူးကရွာထိပ်က ဇရပ်မှာနေတာပေါ့လေ။ဥပုသ်နေ့တနေ့ကြတော့ ရွာကအဖွားကြီးတွေ အမျိုးသမီးတွေက ဇရပ်ရှေ့ကဖြတ်ပြီးရွာဦးကျောင်းကိုသွားကြတာပေါ့။ ရွာဦးကျောင်းဆရာတော်အိုကြီးဆီမှာ သီလယူ တရားနာကြတာပေါ့။ ဆာတော်အိုကြီးက ဝစီကံအကြောင်းတရားဟောရင်း ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်းဘာညာဟောရင်းနဲ့ သူငယ်၊ သဘင်သည်၊ သူရူးတို့စကားဟာမှန်တယ်လို့ ဟောလိုက်တာကိုး။ ဥပုသ်သည်တွေလည်းကျောင်းကပြန်လာကြတာပေါ့။ အဲဒီမှာ ဇရပ်နားရောက်ခါနီးတော့အရူးက အသံနေအသံထားနဲ့ “ဟုတ်တာမှန်တာပြောရရင်တော့ ဟုတ်တာမှန်တာပြောရရင်တော့” ဆိုပြီးလက်ညှိုးထိုးပြီးဆိုနေတာလေ။ ဥပုသ်သည်တွေလည်းဆာတော်ကြီးပြောတဲ့ သူရူးစကားမှန်တယ်ဆိုတော့သိချင်နေကြတာပေါ့။ အာ့ကြောင့် ပြောပါ အရူးရဲ့ ပြောပါ အရူးရဲ့ လုပ်ကြတာကိုးဆာဇေရဲ့။ အဲဒီမှာတင်အရူးကအားတက်ပြီးအားကြီးနဲ့ ပြောချလိုက်တာပေါ့ဗျာ။ “ဟုတ်တာမှန်တာပြောရရင်တော့ ဥပုသ်သည်တွေ ရိုး လိုက်ချင်တယ်” လည်းဆိုရောဥပုသ်သည်တွေခမျာ သီလချည်းတန်းလန်းနဲ့ဆဲဆိုပြီး ရွာထဲဝင်သွားကြရောတဲ့လေ။အခုလည်း အာဏာအရိုးကိုက်လိုကြသူများခမျာ အရူးကိုအိမ်ဦးထားပြီး ကိုးကွယ်လာလိုက်တာ၊ အရူးက နေမြင့်လေအရူးရင့်လေဖြစ်လာတော့၊ အရိုးကိုက်လိုသူများခမျာပဒိုင်းသီးလက်ထဲရောက်နေသလို စုပ်လည်းစူးစားလည်းရူး ဖြစ်ကုန်ကြပေါ့”
“အေးကွ မှတ်ကြီးရ။ အရိုးကိုက်လိုကြသူများရဲ့အရှင်ကြီးမအလက ရွေးကောက်ပွဲသာ မဖြစ်သာလို့လုပ်ရတာမလုပ်ချင်ဘူး။ ဒင်းကအစွမ်းကုန်မိုက်ရိုင်းထားတော့ သူ့အလှည့်လည်မှာအရမ်းကြောက်နေတာ။ ဒါကြောင့်ကြံ့ဖွတ်ပါတီထဲမှာမိုးကျရွှေကိုယ်ဗခက တွေထည့်ပေးပြီးရွေးကောက်ခံခိုင်းတယ်။ အားမရဘူးစိတ်မချဘူးလေ၊ ဒီတော့အာဏာရှင်ဟောင်းများရဲ့ပါတီအိုကြီး တစညထဲကိုလည်း ဗက တွေအတင်းထိုးထည့်နေပြန်သတဲ့”
“ဖတ်လိုက်ရတယ် ဆာဇေ။ မအလက ရွေးကောက်ပွဲမလုပ်ရသေးခင် သူစိတ်ထင်ရာလုပ်ဦးမှာထင်တယ်။ မဆလ ခေတ် သမ ဆိုင်တွေလို နေရှင်နယ်ဓာတ်ခဲလိုချင်ရင် အပ်ချည်အဆွေး ၅လုံးယူရမယ်ဆိုတာမျိုးလေ၊ ရွေးကောက်ပွဲဝင်ချင်ရင် စခ ၅ ကောင် ပါတီမှာထည့်ပေးရမယ် လုပ်လာမလားပဲဗျ”
“အေးကွ လုပ်ရင်လုပ်မှာ၊ မအလအနေနဲ့က ပါတီဆိုတဲ့ဟာတွေသူ့ဘာသာစိတ်နာပြီးလစ်မလား စောင့်ကြည့်နေတာဖြစ်မယ်။ မဟုတ်လို့သူကထုတ်ပစ်ရင်ရုပ်ပေါက်လွန်းလို့။ ဒါပေမယ့် အရိုးကိုက်ပါတီတွေကလည်း အမူးသမားမယားလိုထင်ပါရဲ့မှတ်ကြီးရာ”
“ဒါပေမယ့် ဆာဇေရေ။ ပလ္လင်ပေါ်ကဆွဲချခံနေရတဲ့သတင်းတွေ ခနခနထွက်လာနေကတည်းက ပလ္လင်ရူး မအလ မကြာလောက်တော့ဘူးလို့ ပြောရဲတယ်ဗျာ”
”အေးကွာ မင်းပြောပြတဲ့ပုံပြင်အရဆိုရင်တော့ သသုံးလုံး ပြောရင်မှန်တတ်တယ်ပြောကြတာကိုး မောင်မှတ်ရဲ့”
“ဟားဟားဟား ဆာဇေပြောမှပဲကျနော်က ဖိနပ်စုပ်တွေသီပြီး လည်မှာဆွဲထားရမလိုလို…….”
ရေးသားသူ- ဇေယျတု
သရုပ်ဖော်ကာတွန်း- ညိုမြ
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay