

စက်တင်ဘာ ၂၈၊ ၂၀၂၅။
ရခိုင်ပြည်တောင်ပိုင်းမြို့တွေဖြစ်တဲ့ တောင်ကုတ်မြို့ နဲ့ သံတွဲမြို့တွေထဲကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ(၁) သေဆုံးခဲ့ရပြီး (၆) နှစ်အရွယ်ကလေး(၁) အဦးအပါ (၅) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယမန်နေ့ ည ၈ နာရီခွဲခန့်က သံတွဲမြို့၊ အမှတ်(၄) (ညောင်ပင်စျေး) ရပ်ကွက်ကို စစ်တပ်ကလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံး(၂) လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမှတ်(၄) ရပ်ကွက်မှ ဦးညီညီ(အသက် ၄၇ နှစ်) သေဆုံးပြီး မောင်သန့်ဇင်ဖြိုး (၆)နှစ်၊ မောင်အောင်သီဟစိုး (၁၄) နှစ်၊ ဒေါ်ခင်ခင်ဌေး (၃၇) နှစ်၊ ဒေါ်ခင်ထွေး (၅၃) နှစ်နဲ့ ဦးထွန်းနိုင်မင်း (၅၃) နှစ် တို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
အလားတူ စက်တင်ဘာ (၂၆) ရက်နေ့ ကလည်း တောင်ကုတ်မြို့၊ တပ်ဦးဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က ပေါင်(၅၀၀) ဗုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင် ထိခိုက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်ကြီး နဲ့ သံဃာအချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒို့ပြည်ရဲ့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
“ကျောင်းမကြီးအဆောင်တဆောင်လုံးကတော့ ပျက်စီးသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖြစ်သွားတယ်ဆိုတော့ ဒေသတွင်းနေထိုင်တဲ့သူ တော်တော်များများကလည်း စိုးရိမ်ကြောက်လန့်မှုဖြစ်သွားတယ်။ အသွားအလာသတိထားသွားလာရတယ်။ နဂိုကလည်းမြို့ပေါ်မှာ နေထိုင်ကြရတဲ့သူတွေက သတိဝိရိယနဲ့နေထိုင်ကြရတာပါ ဘာကြောင့်ဆို စစ်ကောင်စီက မထင်ရင်မထင်သလိုဗုံးလာကြဲတာ” လို့ တောင်ကုတ်မြို့ခံအမျိုးသားတဦးက ဒို့ပြည် ကို ပြောပါတယ်။
တောင်ကုတ်မြို့နဲ့ သံတွဲမြို့တွေကို အာရက္ခတပ်တော်-AA က ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က မြေပြင်တိုက်ခိုက်မှုတွေ မလုပ်နိုင်တဲ့အတွက် လေကြောင်းကနေ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay