သဲကုန်း စိုက်/ဘဏ် က ချေးငွေနဲ့ဒဏ်တိုး မဆပ်နိုင်သူတွေကို အရေးယူပြီး ပုံစံ (၇) ကို လေလံတင်ရောင်းမယ် လို့ စာထုတ်

အောက်တိုဘာ၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ဘဏ်ခွဲ၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေပြီး တောင်သူလယ်သမားတွေဆီကို အသိပေးစာပို့ခဲ့တယ်လို့ လယ်သမားတွေဆီ က သိရပါတယ်။
 
မိုး/ဆောင်း ချေးငွေအရင်း၊ အတိုး ငွေတွေ နဲ့ ကျသင့်ဒဏ်တိုးငွေတွေကို အောက်တိုဘာလ(၈) ရက်နေ့ နောက်ဆုံး လာရောက်ပေးဆပ်ဖို့ နဲ့ ပျက်ကွက်ပါက ဥပဒေနဲ့ အညီအရေးယူဆောင်ရွက် တာ၊ ပုံစံ(၇) မူရင်းတွေကို လေလံတင်ရောင်းချတာတွေ ပြုလုပ်မယ်လို့ စာထုတ်ပါတယ်။
 
“ကျွန်တော်တို့ ပြည်သူတွေမှာ စပါးစျေးကမကောင်းခြံထွက်သီးနှံတွေက ကလည်းမကောင်းတော့ စပ်ဖို့ရာအခက်ခဲဖြစ်နေပါတယ်။ အကယ်လို့ ၁၀လပိုင်း ၈ ရက်မစပ်ရင် လယ်ပုံစံ(၇) တွေကို လေလံတင်ရောင်းချမယ်လို့စာရွက်တွေ မဆပ်နိုင်တဲ့လူတိုင်းကို ပေးခဲ့ပါတယ်” လို့ ဒေသတွင်းလယ်သမားတဦး က ဒို့ပြည် ကိုပြောပါတယ်။
 
လက်ရှိမှာတော့ ချေးငွေပြန်ဆပ်ဖို့ ခက်နေတဲ့ ကျေးရွာတွေကတော့ ညောင်ဝင်းရွာ၊ လက်ပံပင်လေး၊ ဝဲကြီးရွာ တို့ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ချေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“ပြီးခဲ့တဲ့နှစ်ကလည်း ပုတီးကုန်းရဲစခန်းကိုဆွေးနွေးအောင်ဆိုပြီး ခေါ်ပါတယ်။ စခန်းရောက်တော့ ခုချက်ချင်းပြည်သူတွေကို ပိုက်ဆံရှာခိုင်းပါတယ်။ အိမ်မှာကျန်နေခဲ့သူတွေက ပိုက်ဆံတွေ မရမကရှာပြီး စခန်းထဲရောက်နေတဲ့လူတွေ ပြန်ခေါ်ခဲ့ရပါတယ်” လို့ ဒေသခံလယ်သမားက ပြောပါတယ်။
 
အလားတူ ပြည်မြို့နယ်လယ်ယာစိုက်ပျိုးရေးဘဏ်ကလည်း ချေးငွေမဆပ်နိုင်တဲ့ တောင်သူလယ်သမားတွေကို ပေါင်းတလည်ရဲစခန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးစစ်ဆေးကာ ချေးငွေပြန်ဆပ်ဖို့ ဖိအားပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these