

သိန်း (၁၂၀) မပေးနိုင်လို့ ၉၅၉ တပ် ထဲကို ပို့ခံရ
အောက်တိုဘာ ၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြိုနယ်၊ ဆီဆုံကုန်းကျေးရွာ အနီးမှာရှိတဲ့ မြောက်နဝင်းဆည် ရေပိုလွှဲကနေ ရေကျော်တာကို သွားကြည့်တဲ့ အနီးနားက လူငယ်တွေ နဲ့ စျေးဝယ်သွားကြတဲ့လူငယ်တွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီး သွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ(၃) ရက်နေ့က ဝက်မြေတောကျေးရွာကနေ မြောက်နဝင်းဆည်ရေကျော်နေတာကို သွားကြည့်တဲ့ လူငယ်တဦိး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည့်သေးတဲ့အတွက် (၂၅) သိန်း နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ စက်တင်ဘာ(၂) ရက်နေ့က ကြောင်လျှာကုန်းကျေးရွာက ကိုဆန်းလင်း ဆိုတဲ့လူငယ်ဟာ ဘတ္ထရီအိုးသွားဝယ်ရာကနေ ဝက်ထီးကန််မှာ ဖမ်းဆီးခံခဲ့ရပြီး သိန်း(၁၂၀) နဲ့ ပြန်ရွေးခိုင်းတာမှာ မတတ်နိုင်တဲ့အတွက် ပြည်မြို့ ၉၅၉ တပ်ထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ကန်စွန်းအင်းက ၂ ယောက်၊ ကြောင်လျှာကုန်း က ၁ ယောက်၊ ဝက်မြေတောက ၁ ယောက် အဲ ကလေးက ၂၅ သိန်းနဲ့ ပြန်ရတယ်။ ဆည်ကြီးကိုရေသွားကြည့်တာ လွှစင်တံတားနားမှာ ဖမ်းခံရတာ” လို့ ဒေသခံအမျိုးသားတဦး က ပြောပါတယ်။
ဒါ့အပြင် အနီးနားကျေးရွာတွေကနေ ပေါ်တာဆွဲဖမ်းဆီးခံနေရသူတွေ ရှိနေပြီး အောက်တိုဘာလဆန်းရက်ထဲမှာပဲ ဝက်ထီးကန်၊ ဆီဆုံကုန်း ဒေသမှာ (၅) ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
“အခုရက်ထဲ အဖမ်းခံရတာတော့ ဆက်တိုက်ပဲ။ လမ်းပေါ်မှာချည်းပဲ အဖမ်းခံနေရတာ” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ်(၁၈) အတွက် တပ်သားသစ်တွေကို ပြည်မြို့နယ်က အောက်တိုဘာ(၈) ရက်နေ့မှာ ပို့ဆောင်ရမှာဖြစ်ပြီး တပ်သားသစ်မပြည့်သေးတဲ့အတွက် အခုရက်ထဲမှာ ဆက်တိုက်ဆိုသလို ဖမ်းဆီးမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay