ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန် အမှတ်(၂) ရဲသင်တန်းကျောင်း မှာ ထွက်ပြေးသူတွေကို အချက်ပေါင်းထောင်နဲ့ချီအောင် အပြင်းအထန်ရိုက်နှက် ညှင်းပမ်းတယ်လို့ အဲဒီသင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူ ရဲတပ်သားက ပြောပါတယ်။
အခုလိုရိုက်နှက်မှုတွေကို ကိုယ်တိုင်တွေ့ကြုံလာခဲ့ရတဲ့ ရဲတပ်သား ကိုဖြိုးသီဟဇော်က ဒို့ပြည် ကို ပြောဆိုခဲ့တာဖြစ်ပြီး သူကတော့ စက်တင်ဘာ ၁၂ ရက်နေ့က ဝက်ထီးကန်ရဲသင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
“ရိုက်တာကတော့တော်တော်ရိုက်တာ၊ ကျနော်တို့ ထဲက ကောင်လေးနှစ်ယောက်က ထွက်ပြေးတာမှာ ပြန်မိတယ်။ မိတော့ စံပြဆိုပြီးရိုက်တာ သူတို့လည်း ရိုက်တယ်။ တယောက်ကို ဆယ်လေ့းကိုးချက်ရိုက်တယ်။ အပတ်စဉ်တူရဲတပ်သား ၃၀၃ ဦးရှိတာကို ၃၀၁ ယောက်က လူစေ့ တယောက်ကို ၅ ချက်ရိုက်တယ် မရိုက်တော့လည်း ကျနော်တို့ကို သူတို့ကပြန်ရိုက်တယ် နွားကြိမ်လုံးနဲ့ ဘယ်ခြေထောက်က ပြေးတာလဲဆိုပြီး အဲခြေထောက်တွေကို ရိုက်ခိုင်းတာ ရိုက်ဖို့ငြင်းဆန်ရင် သူတို့က ကျနော်တို့ကိုရိုက်သေးတယ်” လို့ ကိုဖြိုးသီဟဇော် က ပြောပါတယ်။
ဝက်ထီးကန်ရဲကျောင်းမှာ မြို့လယ်ကောင် အထက်တန်းကျောင်းရှေ့က သင်တန်းကျောင်း(မြို့ကျောင်း) နဲ့ ဆေးဖြတ်စခန်းလို့ခေါ်တဲ့ နေရာက တောကျောင်း ဆိုပြီး (၂) ကျောင်းရှိကာ မြို့ကျောင်း ခွဲ ၅ ခွဲမှာ သင်တန်းသား ၃ ထောင်ကျော်နဲ့ တောကျောင်းမှာ ၁၅၀၀ ကျော် ၂ ကျောင်းပေါင်း ရဲတပ်သား ၅ ထောင်နီးပါးရှိိနေတယ်လို့ သိရပါတယ်။
“ရှမ်းမြောက်၊ ရှေ့တွေက များတယ်။ တချို့လည်း စိတ်ပါတယ်။ တချို့လည်းအစွဲခံရတယ်။ အတော်များများကတော့ အဆွဲခံရတာတွေပဲ ရှမ်းတောင် လားရှိုး” လို့ ကိုဖြိုးသီဟဇော် က ပြောပါတယ်။
သင်တန်းသားအများစုမှာ ပေါ်တာဆွဲခံရတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး အပို့ခံရတာဖြစ်ပြီး မှတ်ပုံတင်နဲ့ အထောက်အထားလိုမျိုးတွေကို သိမ်းဆည်းထားပြီး မိသားစုတွေနဲ့ အဆက်သွယ်ဖြတ်ထားရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သင်တန်းဆင်းရဲတပ်သားတွေကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ ရခိုင်ရှေ့တန်းတွေကို ပို့ဆောင်နေပြီး မြို့တွင်း လုံခြုံရေးအတွက် အသုံးပြုမှုနည်းပါးတယ်လို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay