“မဖတ်ပါရစေနဲ့ ဟောလိုကဗျာ”

(ကဗျာခံစားမှု)

အောက်တိုဘာ ၁၄၊ ၂၀၂၅။

ကဗျာ။ ကဗျာဆိုတဲ့ အနုပညာပစ္စည်းတစ်ခုကို ဘယ်အချိန်မှာ ကျနော်နှစ်သက်စွဲလမ်းခဲ့တာလဲ စဥ်းစားမိတိုင်းအဖြေဟာ တိတိကျကျမရှိ။ ဒါပေမယ့် က ကဇွန်းပင်ရေမှာရွှင် ခ ခရေကုံး မလေးပြုံး ဂ ဂနိုင်စုံတောမြိုင် လို့ တတွတ်တွတ်ရွတ်ဆိုခဲ့ရတဲ့အရသာဟာ ချိုမြိန်ကြောင်းကိုတော့ ကျနော်သတိထားမိ။ မြန်မာကဗျာစနစ်ဟာ ကာရန်စနစ်။ အသံများကို ချိတ်ဆက်ဆော့ကစားပြတာ သတိထားမိ။ အက္ခရာစာပေမထွန်းကားမပေါ်သေးခင်က မှတ်သားစေလိုသည်များကို လက်ဆင့်ကမ်းသည့်အခါ အသံစနစ်ဖြင့် လက်ဆင့်ကမ်းခဲ့လေတော့ မှတ်မိလွယ်စေရန်ရှေးလူတို့တီထွင်ခဲ့လေသလား စဥ်းစားမိ။

ကဗျာဆိုတဲ့အရာကို ထိတွေ့နှစ်ခြိုက်ရင်း ကျောင်းသင်ခန်းစာပြင်ပကဗျာတွေဖတ်ဖြစ်လာတယ်။ ၉၀ အလွန် ခေတ်ပေါ်ကဗျာ အားကောင်းမောင်းသန်ကာလမှသည်၊ ဒီကနေ့ ကွန်တမ်ပရီ ခေတ်ပြိုင်ကဗျာများထိ။ ကဗျာရေးနည်းတက္ကနိတွေဘယ်လိုပြောင်းပြောင်း ကဗျာရေးသူဟာ သူဖြတ်သန်းရာ လူမှုဘဝရဲ့ကောင်း ၄ပါး ဆိုး၄ပါး လောကဓံကို တို့ထိလျှက်။ တခါတရံ သတင်းသမားတစ်ယောက်လို။ တခါတရံ သမိုင်းဆရာလို။ တခါတရံသမိုင်းဆရာတွေချန်ထားတဲ့ဖြစ်စဥ်ဖြစ်ရပ်တွေကို။

ကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာ အားကောင်းသောခေတ်အခါ။ အချို့ကဗျာကောင်းကောင်းလေးတွေဟာ အွန်လိုင်းထက်မှာ။

သိတ်မကြာသေးခင်ကာလတစ်ခုမှာ၊ အွန်လိုင်းထက်ကနေ ကဗျာတစ်ပုဒ်ဖတ်ခဲ့ရ။ အဲဒီကဗျာမျိုးတွေ(ကဗျာထဲက အဖြစ်အပျက်တွေ) ကျနော်နောက်ထပ်မဖတ်ပါရစေနဲ့လို့ ဘုရားတိုင်းဘုရားတိုင်းဆီမှာ ဆုတောင်းနေမိတာ အမှန်ပါ။

ခင်ဗျားဆိုရင်ကော ဘယ်လိုပြောချင်မလဲ။

“စစ်တွင်းက အညာရှုခင်း”

မီးလောင်ပြီးစ အိမ်ထဲမှာ
သူတို့ နံနက်စာ စားနေကြတယ်။
ပြာဖြစ်သွားတဲ့ အရာတွေကို
နားလည်ကြသလား၊
အိမ်မရှိတော့ဘူး၊ နံနက်စာလည်း မရှိတော့ဘူး၊
ဒါပေမဲ့ ငါက ဒီမှာရှိနေတုန်း။

မျက်ဝန်းထဲ ထိုးဖောက်ဝင်နေတဲ့ ဇွန်းဟာ
ပေါင် ၅၀၀ မလေးလံဘူး။
ပေါက်ကွဲမှုကြောင့် အိမ်နီးနားက
မိသားစုတွေလည်း မရှိကြတော့ဘူး။

သူတို့ ဘယ်ရောက်သွားကြသလဲ။
ညီအကိုမောင်နှမတွေ၊ အမေတွေနှင့် အဖေတွေ၊
လယ်ကွင်းပြင်တလျှောက် ပုရွက်ဆိတ်လို သွားနေကြလား။
သူတို့အနူးညံ့ဆုံး ဝမ်းနည်းနေကြလား။
နွမ်းလျနေတဲ့ ဖိနပ်စုတ်တွေ၊
အဝတ်အစားအပြဲတွေ မျောလွင့်
ဆောင်းရဲ့တောင်တန်းတွေပေါ်မှာ…တစ္ဆေတစ်ကောင်လို။

မင်းနာမည်ကို ပြန်သတိရဖို့ ကြိုးစားမိတယ်၊
သူတို့အသက်ရှင်ခဲ့တဲ့ နေရာတစ်ခုအဖြစ်
ငါ့မျက်လုံးထဲမှာ အရိပ်တွေ ပြန်လည်ကွယ်ဝှက်နေတယ်။
ကျောင်းခေါင်းလောင်းသံတွေက
တစ်ခါတစ်ရံ လေထဲမှာ ငြိမ့်ငြိမ့်နဲ့ ထွက်လာတယ်။
ငါ့လက်ထဲက ဇွန်းပြုတ်ကျနေသလို ခံစားရတယ်။
ဒါပေမယ့် ငါ မတက်ပြေးဘူး။ ငါ မဖွင့်ကြည့်ဘူး။
ငါ အဲဒီမီးလောင်နေတဲ့အိမ်ထဲမှာပဲ နေနေရတယ်။
နံနက်စာ လုံးဝမရှိတော့တဲ့ နံနက်ခင်းမှာ။

ကန္တာရမိုးစက်
၂၀၂၅

ကဗျာကျန်းမာပါစေ

ရေးသားသူ-ဟိုဆေး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these