ပေါင်းတည်၊ မှတ်တိုင်က ရဲအုပ်စု မိုင်းဆွဲခံရပြီး ဒုရဲအုပ်နဲ့ နယ်ထိန်း အပြင်းအထန်ဒဏ်ရာရ

အောက်တိုဘာ ၁၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေရဲစခန်းကနေ ဂိတ်ဖွင့်စစ်ဆေးဖို့အတွက် ထွက်လာကြတဲ့ ရဲအုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PPDF- ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးတာဝန်ခံ ရဲဘော်Shadow ဆီက သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မှတ်တိုင်ရဲစခန်းကနေ ထွက်လာတဲ့ ဒုရဲအုပ်အေးမင်းထွန်း၊ နယ်ထိန်းအောင်ကျော်ထက် အပါ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တမံကြီးရွာ၊ လမ်းသုံးခွ၊ ညောင်ပင်အောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ခိုက်မှုဖြစ်တဲ့နေရာမှာ ဒီနေ့ကတော့ ငြိမ်တယ် မိုင်းဆွဲမှုဖြစ်တဲ့နေ့ကတော့ ဒီကောင်တွေဘက်က နယ်မြေရှင်းလင်းရေး လုပ်တာမျိုး၊ စစ်တာဆေးတာမျိုးရှိတယ်။ မိုင်းဆွဲတိုက်ခိုက်တာက သူတို့ ဂိတ်ဖွင့်ပြီး အမြဲတမ်းစစ်ဆေးလေ့ရှိတဲ့ ညောင်ပင်ကြီး အောက်မှာ မှတ်တိုင်နဲ့သိပ်မဝေးဘူး တနိုင်ခွဲလောက်ပဲဝေးတယ်။” လို့ PPDF- ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးတာဝန်ခံ ရဲဘော်Shadow က ဒို့ပြည် ကိုပြောပါတယ်။

တိုက်ခိုက်မှုကိုတော့ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၄ ကပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလမ်းသုံးခွနေရာဟာ ကုန်းသာ၊ ပေါက်တော၊ မှတ်တိုင် တို့ကို ခွဲသွားတဲ့ လမ်းဆုံနေရာဖြစ်တယ်လို့ သိရပါတယ်။

“ဒုရဲအုပ် နဲ့ နယ်ထိန်းကို ဆေးရုံပို့လိုက်ရတယ် ဒုရဲအုပ်ကတော့ ဒဏ်ရာပြင်းထန်တယ်။ နယ်ထိန်းကတော့ သေနိုင်လောက်တဲ့ဒဏ်ရာမရဘူး” လို့ ရဲဘော်Shadow က ဆက်ပြောပါတယ်။

ဒဏ်ရာရသူ (၂) ဦးကိုတော့ ပြည်ဆေးရုံကြီးကို မှန်အလုံပိတ်ကားနဲ့ ပို့ဆောင်လိုက်ပြီး နောက်ဆက်တွဲအခြေအနေကိုတော့ စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။

အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ တမံကြီးရွာ ညောင်ပင်အောက်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေရဲ့ ဆိုင်ကယ်တွေကိုဖမ်းဆီးတာ၊ အဓမ္မစစ်မှုထမ်းစုဆောင်းတာ၊ ပြည်သူတွေ ဝယ်လာတဲ့စားသောက်ကုန်တွေကို သိမ်းဆည်းတာ၊ ဖမ်းဆီးငွေတောင်းကာ မပေးနိုင်ပါက ထောင်ချတာတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these