🟥 တပ်သားအင်အား အများအပြားကို တိုးချဲ့ကာ ဆက်တိုက်ပို့ဆောင်နေ
အောက်တိုဘာ ၂၅၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ အပိုင် ရခိုင်ရိုးမတောထဲ ကို ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ကစတင်ပြီး မသွားကြဖို့ အာဏာသိမ်းစစ်တပ်က တားမြစ်နေတယ်လို့ ဒို့ပြည် ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ယနေ့ မှ စပြီး နိုဝင်ဘာလ ၁၅ ရက်နေ့အတွင်း ရခိုင်ရိုးမထဲကို လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ လုပ်နိုင်တဲ့အတွက် စစ်တပ်က ရင်းနှီးသူအချို့ကို လိုက်လံ အသိပေးပြောကြားနေ တာလို့ ဆိုပါတယ်။
“ကျနော်တို့ဆီမှာ စစ်တပ်က ဗိုလ်တွေ ကတော်တွေက တောအလုပ်တောအကိုင်လုပ်တဲ့သူတွေ ရှိတယ်လေ။ အဲတော့ မင်းလူတွေရှိခဲ့ရင် မင်းလူတွေကို ခဏထားအုံး တောထဲကိုမတက်ပါနဲ့အုံးဆိုပြီး လိုက်ပြောတာ။ လေကြောင်းရှိမယ်လို့ ယူဆတယ်။” လို့ ဒို့ပြည် သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေရာ မသုန်၊ ဆင်လန် အနီး တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်က ကား(၅) စီး စစ်သားအပြည့်ဖြင့် (၁) ကြိမ်၊ နံနက် ၈ နာရီခန့်မှာ (၁) ကြိမ် စုစုပေါင်းအင်အား ၅၀၀ ခန့် ကို ရခိုင်ရိုးမထဲကို အင်အား ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာ ၁၇ ရက်နေ့ဝန်းကျင်ခန့်ကလည်း တပ်မ ၄၄၊ ၆၆၊ ၇၇၊ ၈၈ တပ်မ ၄ ခုမှထုတ်နှုတ်အင်အား ၁၀၀၀ ကျော် ဝန်းကျင် ကို ဆင်လန် အတက်တောင်ခြေမှာ စုစည်းထားတယ်လို့ ဆိုပါတယ်။
“ညောင်ခြေထောက်ရွာကနေ နေ့တိုင်း ချောကား ၃စီးနဲ့ အတက်အဆင်းလုပ်နေရတယ်။ တရက်ကိုအရပ်သား/ချောကားသုံးစီး ပေးရမယ်လို့ ညွှန်ကြားထားတယ် အဆင်သင့်အသုံးပြုနိုင်ဖို့အတွက်ပေါ့” ဟု မြို့ခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
အောက်တိုဘာလလည် ခန့်ကလည်း ကပစ(၆) အတွင်းမှ လက်နက်ခဲယမ်းဟု ယူဆရတဲ့ ပစ္စည်းပုံးတွေကို တင်ဆောင်ထားတဲ့ ကွန်တိန်နာ(၆) စီးဟာ ပြည်ဘက်ကမ်းကို ကူးသွားခဲ့သေးတယ်လို့ မျက်မြင်တွေ့ခဲ့သူတဦး က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကတော့ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမအခြေမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ မသုန်ကာကင်းစခန်း (၆၆၆) ပွိုင့်ကုန်းကို အာရက္ခတပ်တော်-AA က တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay