အောက်တိုဘာ ၂၉၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပရဝဏ်အတွင်းမှာ စျေးရောင်းကြမဲ့ ပျံကျစျေးသည်တွေကို စည်ပင်က မတန်တဆ အခကြေးငွေတောင်းတာတွေ လုပ်နေတယ်လို့ စျေးသည်တွေဆီက သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ရွှေဆံတော်ဘုရားပွဲတော်အတွင်း ဆိုင်ခန်းယူထားတာမရှိဘဲ လမ်းလယ်ကျွန်းနဲ့ ဘုရားခြေရင်းပလက်ဖောင်း၊ နာရီစင်တဝိုက် အခြားနေရာတွေမှာ ထွက်ကြမဲ့ ပျံကျစျေးသည်တွေကို စည်ပင်သာယာက နေရာတနေရာကို (၅၀၀၀၀) ကျပ်ကောက်ခံတဲ့အပြင် စျေးရောင်းခွင့်ကဒ် ပြုလုပ်ရမယ်ဆိုပြီး စျေးသည်တဦးကို (၃၀၀၀၀) ကျပ်ထပ်မံ ကောက်ခံခဲ့တာ လို့ သိရပါတယ်။
“ရောင်းခွင့်ကဒ်ထပ်လုပ်ခိုင်းတာ၊ နေရာခကရောင်းပြီးသားပါ။ စည်ပင်ကရောင်းတာ၊ တနေရာစာလေးပါ သုံးပေလေးပေ လောက်ကလေးတွေပါ။ စစ်လို့မှ ရောင်းခွင့်ကဒ်မရှိဘူးဆို မရောင်းရဘူး ပြန်ခိုင်းမယ်တဲ့” လို့ စျေးသည်တဦးက ပြောပါတယ်။
ပျံကျေစျေးသည်အများစုဟာ အရင်းအနှီးမတတ်နိုင်တဲ့အတွက် ငွေနည်းနည်းနဲ့ ရင်းရတဲ့ ကောက်ညှင်းခြေထောက်၊ အအေး၊ ကလေးအရုပ်၊ မု့န့်လက်ဆောင်း၊ ရေခဲရေ နဲ့ ငုံးဥပြုတ်၊ ဒုတ်ထိုး စားသောက်ကုန်၊ ခြင်းတောင်း၊ ပန်း အစရှိတဲ့ အသေးစား ကုန်ပစ္စည်းလေးတွေကို ရောင်းချသူတွေ ဖြစ်ပြီး ဆိုင်ခန်းမငှားရမ်းနိုင်တဲ့အတွက် လမ်းဘေးမှာ ရောင်းချနေရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“စျေးသည်တွေကတော့ တချို့ငုံးဥပြုတ်ရောင်းတဲ့သူတွေကတော့ မထွက်တော့ဘူး ဘာညာပေါ့။ ကိုယ်တောင် အဲလောက်မမြတ်ဘူး။ တချို့ကလည်း ထွက်ချင်တယ်။ စျေးကများနေတာ” လို့ မြို့ခံတဦး ကလည်း ပြောပါတယ်။
ရွှေဆံတော်ဘုရားပွဲတော်မှာ ပျံကျစျေးသည်ရာနဲ့ချီရှိပြီး နှစ်စဉ်ဆိုသလို စျေးကောက်ခသာ ပေးခဲ့ရကာ ယခုလိုပေးဆောင်ရခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ရွှေဆံတော်စေတီတော် (၂၆၁၄) ခုနှစ် ဗုဒ္ဂပူဇနိယပွဲတော်ကို အောက်တိုဘာလ ၂၈ ရက်ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ-ရွှေဆံတော်ဘုရားပျံကျစျေးသည်တွေကို ပွဲခင်းအလယ်မှာ တွေ့ရစဉ်(ပုံဟောင်း)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay