“ရွှေဘော်တော်အလိုကျ အသည်းမပေးရ ဟဟမပေးရ”

(သရော်စာ)

နိုဝင်ဘာ ၂၊ ၂၀၂၅။

တန်ဆောင်မုန်းလသည် ဆောင်းအရိပ်အရောင်ပြရမည် ဖြစ်သော်လည်းနေ့လည်နေခင်းတို့၌ တော်သလင်းလသည်ပင် နောက်ထပ်တစ်ကြိမ်အာဏာသိမ်းလိုက်သည့်အလား အပူချိန်သည် ငွားငွားစွင့်စွင့် ပွင့်ဖူးနေချေတော့၏ လို့တောင်ဖွဲ့နွဲ့ရတော့မယ့် တန်ဆောင်မုန်းလ နေ့လည်ခင်းတစ်ခုမှာ အကျွန်ုပ် ဇေယျတု တစ်ယောက် ကက်ဆက်တိတ်ခွေခေတ်က အသံပြဇာတ်တစ်ခုကို အီးယားဖုန်းနဲ့ နားထောင်နေသခိုက်

” ဟိုင်း ဆာဇေ ဘာတွေများနားထောင်နေတာတုန်းဗျ၊ တရားနာနေတာလား”

“ဟာ မောင်မှတ်၊ လာလကွ”

“မိုးကုတ်ဆရာတော်ကြီးလား၊ ပါချုပ်ဆရာတော်လား”

“မဟုတ်ရပါဘူး မောင်မှတ်ကြီးရယ်၊ ကက်ဆက်တိတ်ခွေခေတ်ကပြဇာတ်တစ်ပုဒ်နားထောင်နေတာပါ၊ ဘာပြဇာတ်လဲဆိုတော့ ကလပ်ကြေးမှုံရဲ့ ပေါက်စီနဲ့ပေါင်မုန့်ဆိုတာလေ”

“ဘာလဲ ဆာဇေ အချဥ်ကြေမှုက အဓိကပါဗျာ ဆိုတဲ့ဟာလား”

“ဟုတ်သပ မောင်မှတ်ရေ၊ အဲဒီအထဲက ကိုရင်ကြေးမှုံဆိုတဲ့ အရေပြားဝေဒနာသည် စကားပြောတာသဘောကျလို့ဟ။ သူတို့သင်္ချိုင်းကို မျက်နှာမှာဒါဏ်ရာဗရပွနဲ့မိန်းကလေးတစ်ယောက် စွန့်ပစ်သွားပြီးညဉ်းသံကြားလို့သွားကယ်တဲ့အခန်းဟာလေ”

“ဟ ဖြည်းဖြည်းလုပ်ပါဆိုတာကို အရမ်းကြီးလုပ်ရသလား တေဂျင်းဂျိုးမ၊ အလိုလိုနေရင်း ငါ့လက်တွေက မုန့်ဟင်းခါးအိုးထဲက ငါးဖတ်တွေလိုဖြစ်နေပါတယ်ဆိုမှ အခုနင်လုပ်လိုက်လို့ ပဲ့ကုန်​ပါပြီဟာဆိုတာလား”

“ဟုတ်တယ်လကွာ၊ အရေပြားဝေဒနာသည်တွေများရင့်လာရင် အထိအခိုက်ကိုမခံနိူင်တော့ဘူးနော် မောင်မှတ်”

“သွေးလေးဘက်နာသမားတွေဆို လေကိုအထိမခံရဲဘူးဆိုပဲ ဆာဇေရဲ့”

“ကဲ မောင်မှတ်ရေ လုပ်စမ်းပါအုန်းဟ သတင်းလေးဘာလေး”

“သတင်းဆိုလို့ ဆာဇေရေ၊ သတင်းတွေဖတ်ရင်လက်ကိုငြိမ်ငြိမ်ထားဗျို့။ အသည်းပေးတာတွေ၊ လိုက်ခ် လုပ်တာတွေမလုပ်မိစေနဲ့ဗျ။ သတိကပ်ထား ဟားဟား။ လတ်တလော အရမ်းဟော့နေတယ်”

“ဟုတ်ကဲ့ပါ ဆရာမှတ်ရယ်”

“သတင်းအသစ်ဆိုလို့ အာဆမ်အုတ်သစ်ကြီးကလည်း ဆတ်ဆတ်ထိမခံပွဲကြီးကို လေ့လာစောင့်ကြည့်ရေးအဖွဲ့ မလွှတ်ပါဘူးတဲ့ဗျ။ ဖိလစ်ပိုင်ကြီးကပေါ့ဗျာ”

“အေးကွ မအလတို့အုပ်စုရဲ့လေတိုးမခံ ပွဲကြီးကို လေ့လာစောင့်ကြည့်ဖို့ကြောက်နေများလားမှမသိတာ”

“ဟုတ်ရင်ဟုတ်မယ် ဆာဇေ။ တော်ကြာအမြင်မတော်တာ တွေ့လို့ပြောမိရင် ဖမ်းခံထိမှာလေ အဟေးဟေး”

“ဟုတ်ပကွာ။ လွတ်လပ်မျှတတဲ့ဟာရီးဆိုရင်ဘာကြောက်နေစရာလိုလဲ။ အပင်မြင့်လို့လေတိုက်ခံရတာပဲဆိုပြီး အေးဆေးနေပြရုံရှိတာ”

“အခုဟာက အပင်မြင့်တာမဟုတ်ဘူးဆာဇေရဲ့ နေမြင့်တာ ဟဲဟဲ”

“ဒါနဲ့ တင်နီလာဝင်းတို့တောင် မိုးကုတ်ကနေပြန်တော့မယ်ဆိုပဲဟ”

“ဟုတ်တယ်ဆာဇေ၊ ၁ယုတ်ကြီးကြားဝင်လိုက်လို့ဆိုပဲဗျ။ အဲဒါ မန်းပီဒက်တို့ဘာတို့က မိုးကုတ်ကို ထိန်းချုပ်ကာကွယ်မယ်လို့ ဖတ်ရတာပဲ”

“အေးကွ ငတို့နိူင်ငံအရေးကလည်း ဘာတစ်ခုမှ အကောင်းဘက်လှည့်မလာသလိုပဲ။ နိူင်ငံတကာဆိုတာကြီးကလည်း ဒကာနိူင်ငံကိုလိုက်ရှာနေကြသလားပဲ”

“ဟုတ်ပ ဆာဇေရေ။ ကျုပ်တို့နိုင်သူနိုင်ငံသားတွေအတော်ကို ဝဋ်ကြီးပါတယ်ဗျာ”

“မနက်က သတင်းတစ်ပုဒ်ထဲမယ်ဖတ်လိုက်ရပါသေးရောဟ။ အခု လေတိုးမခံပွဲကြီးနဲ့ပတ်သက်ပြီး လွတ်ငြိမ်းနဲ့ထွက်လာတဲ့ရုပ်ရှင်လောကသားတွေလည်း ပိုစတာကမ်ပိန်းလုပ်ပေးရမယ်ဆိုပဲဟ။ လုပ်မပေးရင် တည်ဆဲလေတိုးမခံပွဲဥပဒေနဲ့အရေးယူတဲ့။အနုပညာသမားဆိုသဟာတွေကိုလည်း နိူင်ငံခြားထွက်ခွင့်ပိတ်ထားတယ်တဲ့ဟ”

“ဟုတ်တယ်ဆာဇေ၊ သူရို့ရဲ့လေတိုးမခံပွဲကြီးကို အာဆမ်အစ ကုလ အဆုံးဘယ်သူကမှ အသိအမှတ်မပြုရကောင်းလားဆိုပြီး ပြည်တွင်းကိုလှည့်အဓမ္မကျင့်နေတာနေမှာဗျ”

“မအလကြီးက ငါတကောကောလွန်းတော့လည်းသူ့မှာ အကြံပေးအဖွဲ့တောင်မရှိလောက်ပါဘူးကွာနော”

“အကြံပေးအဖွဲ့ကလည်း သာယာဝတီမင်းနဲ့ ဦးပေါ်ဦးတို့လိုဖြစ်ရင်နေမှာ။ တခါသားသာယာဝတီမင်းထမင်းစားတော့ ငပိရည်နဲ့တို့စရာအဖြစ် ကြက်ဟင်းခါးရွက်ကိုချထားသတဲ့။ သာယာဝတီမင်းကလည်း တခြားဟင်းကောင်းဟင်းမွန်တွေခံတွင်းမတိုးပဲ ငပိနဲ့တို့စရာကိုနူတ်သီးတိုးသကိုးဗျ။ အဲဒါမှူးကြီးမတ်ရာတွေ ထမင်းစားတဲ့နေရာကို မင်းကြီးကလာပြီး ငပိတို့စရာကတော့လွှတ်ကောင်းသဗျ အမတ်ကြီးတို့စားကြည့်ကြစမ်းပါဆိုတာကိုး။ အမတ်ကြီးတွေလည်းမင်းကြီး ရွှေဘောတော်ကျအောင်စားကြရတာပေါ့။ ငန်လည်းငန် ခါးလည်းခါး အရသာဆိုးကြီးကို မင်းကြီးဘောတော်ကျ အရမ်းကောင်းပဲလုပ်နေရတာပေါ့။

မင်းကြီးက ဦးပေါ်ဦးအနားရောက်လာပြီးဘယ်လိုလဲ ငပိတို့စရာကောင်းတယ်မို့လားလုပ်တာပေါ့။ အဲဒီမှာ ကောင်းတော့ကောင်းပါတယ်မင်းကြီးရယ် ဒါပေမယ့်နတ်ဝတ်ပုဆိုးတိမ်ီးခိုးပုံပြင်လို ဖြစ်နေပါတယ်လို့ပြောပြီး ပုံပြင်ကိုဆက်ပြောပြလိုက်တယ်။

တခါက ကျေးတောသားတစ်ယောက်က ပွပေါက်တစ်ခုရဖို့ ဘုရင်ကိုဂွင်ရိုက်တာပေါ့။အရှင်မင်းကြီး ကျွန်တော်မျိုးတင်လျှောက်စရာရှိပါတယ်။ ညဉ့်က အိပ်မက်မက်ပါတယ်။ အိပ်မက်ထဲမှာ မြို့အရှေ့တောင်ထောင့် ညောင်ပင်ကရုက္ခစိုးနဲ့တွေ့ပါတယ်။ရုက္ခစိုးကအရှင်မင်းကြီးကို နတ်ဝတ်ပုဆိုးဆက်သချင်ပါသတဲ့။ မနက်ဖြန်မနက်စောစောမှာ မင်းကြီးအနေနဲ့ကလပ်တစ်ခုနဲ့ အတူညောင်ပင်ကိုလူလွတ်ပေးပါတဲ့ဘုရားလို့လျှောက်တာပေါ့။ အဲဒီနတ်ဝတ်ပုဆိုးက အင်မတန်အဆင်လှပြီး ချည်သားကောင်းလှပါသတဲ့၊ အဲဒီနတ်ဝတ်ပုဆိုးကို ဘုန်းကံကြီးပြီးရာထူးနဲ့ ထိုက်တန်သူသာမြင်ရမယ်လို့လည်း ရုက္ခစိုးကပြောပါတယ်ပေါ့လေ။

ဘုရင်ကြီးလည်း တစ်ညလုံးဖင်တကြွကြွရင်တမမပေါ့။ မနက်ရောက်ကလပ်နဲ့အမတ်တွေညောင်ပင်ကိုလစ်ကြတာပေါ့။ ညောင်ပင်အောက်ရောက်ပြီး အချိန်အတော်ကြာတဲ့ထိ ဘာမှမဘာတာတွေ့တော့ အမတ်အချင်းချင်း မျက်လုံးချင်းစကားပြောတာပေါ့လေ။

အဲဒီအချိန်မှာ ကျေးတောသားရောက်လာပြီး အသံကျယ်ကြီးနဲ့ပုဆိုးချီးမွမ်းခန်းဖွင့်တာပေါ့။ အမတ်တွေလည်းမဟုတ်မှန်းသိသိကြီးနဲ့ ရာထူးပြုတ်မှာဆိုးလို့ဖောရှောရိုက်ပြီးနန်းတော်ပြန်လာ၊ ဘုရင်ကိုဆက်တာပေါ့။ ဘုရင်ကလည်းမဟုတ်မှန်း သိပေမယ့်ဘုန်းကံမရှိသူဖြစ်မှာစိုးပြီး လှလိုက်တဲ့နတ်ဝတ်ပုဆိုး ဘာညာရွှီးတာပေါ့။

နောက်ဆုံးရာထူးပြုတ်မှာစိုးပြီး ဘုရင်ဖောင်ပြင်ဂွမ်းတရေးရေး ဖြစ်ကရောတဲ့လေ။ အဲဒီမှာဦးပေါ်ဦးက အခုလည်းမင်းကြီးရဲ့ငပိတို့စရာက ငန်နံခါးကြီးပါဘုရား၊ အမတ်ကြီးတွေကလည်း ပုံပြင်ထဲကလို ရာထူးပြုတ်မှာကြောက်တော့ ကောင်းလှပါသည်ဘုရားနေကြတာပါလို လျှောက်လိုက်သတဲ့”

“ဘာလဲ မောင်မှတ်ကြီးက မအလအာဏာရှင်ရူးကြီးကိုကြောက်လို့ ဖောင်တပြင်ပြင်ဖြစ်နေလဲ ပြောဝံ့သူမရှိဘူးလို့ ပြောချင်တာလားဟ”

“ဟားဟား ပုံပြင်ကိုကြိုက်ရင် အသည်းမပေးနဲ့။ မကြိုက်ရင်လည်း ဟ ဟ မပေးနဲ့ဆာဇေရေ အဟေဟေဟေ”

ရေးသားသူ-ဇေယျတု
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#သရော်စာ #ကာတွန်း #ဆောင်းပါး #ဇေယျတု #အာစီယံ #မအလ #အတုအယောင်ရွေးကောက်ပွဲ

You may also like these